စိုက်မွေးစွမ်းအား တို့အားထား၍ တိုးတက်စေမည် ဂျီဒီပီ
ရွှေရည်လင်း
စီးပွားရေးအခြေခံများအပေါ် တွန်းအားပေး
နိုင်ငံတိုင်းဟာ စီးပွားရေးအင်အားကောင်းမွန်စေဖို့ တစ်နည်းအားဖြင့် ဂျီဒီပီတိုးတက်ဖို့ကို ဆောင်ရွက်ကြပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ဂျီဒီပီမှာပါဝင်တဲ့ ကဏ္ဍကြီး သုံးခုဖြစ်တဲ့ လယ်ယာကဏ္ဍကြီး၊ စက်မှု ကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီး (Agriculture ၊ Industry and Services – AIS) တို့ တိုးတက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ကြပါတယ်။ ဒီလိုကြိုးပမ်းတဲ့နေရာမှာ မိမိတို့နိုင်ငံအလိုက် စီးပွားရေး ကို တွန်းအားပေးနိုင်တဲ့ အခြေခံကောင်းများပေါ် မူတည်ပြီး ဘယ်ကဏ္ဍ က စီးပွားရေးကို တွန်းအားပေးနိုင်လဲဆိုတာကို အခြေခံစဉ်းစား ဆောင်ရွက်ကြပါတယ်။ ဒီကဏ္ဍကြီးများရဲ့ စီးပွားရေးမှာ ပါဝင်မှုအချိုး ကို တစ်နည်းအားဖြင့် စီးပွားရေးဖွဲ့စည်းမှုပုံစံ (Economic Structure) လို့လည်း ခေါ်ကြပါတယ်။ ဒီ AIS အချိုးပြောင်းလဲမှုကို သုံးသပ်ပြီး စီးပွားရေးကဏ္ဍများ၏ တိုးတက်ပြောင်းလဲမှုအခြေအနေကို ခန့်မှန်း နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ကတော့ စိုက်ပျိုးရေး၊ မွေးမြူ ရေးကို အဓိကအားထားဆောင်ရွက်ကြပြီး ထိုမှတစ်ဆင့် အခြားကဏ္ဍ များတိုးတက်ရေးကို ဆောင်ရွက်တာတွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေခံကောင်း
မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဟာ စီးပွားရေးအခြေခံကောင်းများဖြစ်တဲ့အတွက် ဒီကဏ္ဍနှစ်ခုရဲ့ တိုးတက် ပြောင်းလဲမှုက အခြားစီးပွားရေးကဏ္ဍများရဲ့ ထုတ်လုပ်နိုင်မှုနဲ့ ဝန်ဆောင်နိုင်စွမ်း တိုးတက်ပြောင်းလဲမှုကိုလည်း အထောက်အပံ့ဖြစ် စေနိုင်ပါတယ်။ ဒီကဏ္ဍများကို တိုးတက်အောင် ဆောင်ရွက်ရင်း အခြားကဏ္ဍများမှာလည်း ကျွဲကူးရေပါဆိုသလို တိုးတက်လာမှာဖြစ် ပါတယ်။ ဒီလိုတိုးတက်ဖြစ်ပေါ်မှုများမှတစ်ဆင့် ဂျီဒီပီတန်ဖိုးဟာလည်း တိုးတက်ပြောင်းလဲလာတာ ဖြစ်ပါတယ်။
ဂျီဒီပီဆိုတာ
ဂျီဒီပီဆိုတာက Gross Domestic Product (စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး) ကို ရည်ညွှန်းတဲ့ အတိုကောက်စကားလုံးဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်း သတ်မှတ်ထားတဲ့ အချိန်ကာလမှာ ထုတ်လုပ်တဲ့ကုန်စည်နဲ့ ဝန်ဆောင်မှုတို့ရဲ့ စုစုပေါင်းတန်ဖိုးလည်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတွင်းနိုင်ငံ များနဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေကို တိုင်းတာရာမှာ ဂျီဒီပီညွှန်ကိန်း ကို အများဆုံးအသုံးပြုကြပါတယ်။ လယ်ယာကဏ္ဍကြီးမှာတော့ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍဆိုပြီး ခွဲခြားပါဝင်ပါတယ်။ စက်မှုကဏ္ဍကြီးမှာတော့ စွမ်းအင်၊ သတ္တု၊ စက်မှုလက်မှု၊ လျှပ်စစ်၊ ဆောက်လုပ်မှုကဏ္ဍတို့ပါဝင်ပြီး ဝန်ဆောင်မှုကဏ္ဍကြီးမှာတော့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနဲ့ စီမံခန့်ခွဲမှု၊ အခြားဝန်ဆောင်မှုနဲ့ ကုန်သွယ်မှုကဏ္ဍတို့ ပါဝင်တယ်လို့သိရပါတယ်။
စားရေးဝတ်ရေးလိုအပ်ချက်ကို လယ်ယာ၊ သားငါးကဏ္ဍမှ ဖြည့်ဆည်း
စားသုံးသူပြည်သူများရဲ့ နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ စားရေး၊ ဝတ်ရေးအတွက် အခြေခံလိုအပ်ချက်များကို လယ်ယာကဏ္ဍနဲ့ သားငါးကဏ္ဍများက ဖြည့်ဆည်းပေးနေပါတယ်။ လယ်ယာ၊ သားငါး ကဏ္ဍက ထုတ်လုပ်တဲ့ကုန်ပစ္စည်းများကို တိုက်ရိုက်စားသုံးတာရှိသလို ကုန်ချောအနေနဲ့ ထုတ်လုပ်ရောင်းချတာလည်းရှိပါတယ်။ အခြားကဏ္ဍများရဲ့ ကုန်ချောထုတ်လုပ်ဖို့ အခြေခံကုန်ကြမ်းအဖြစ် ထုတ်ယူသုံးစွဲတာလည်းရှိပါတယ်။ ဥပမာ - ဆန်၊ ဆန်ကြာဆံ၊ ပဲကြာဆံ၊ ဆန်ကွပ် ကီး၊ ဆန်ကိတ်မုန့်၊ စည်သွပ်ဘူးများ (သစ်သီး၊ အသား၊ ငါးစသဖြင့်) ဖြစ်ပါတယ်။ ဒီတော့ လယ်ယာကဏ္ဍကြီးကနေ အရည်အသွေးမြင့် လယ်ယာ၊ သားငါး ထွက်ကုန်ထုတ်လုပ်မှုများ တိုးတက်လာပါက စက်မှုလက်မှုကဏ္ဍရဲ့ ဈေးကွက်ဝင် စက်မှုထွက်ကုန်များ ထုတ်လုပ်မှုကို တွန်းအားပေးရာလည်း ရောက်တဲ့အပြင် အဆိုပါထုတ်ကုန်များကို သယ်ယူပို့ဆောင်ရောင်းချရာမှ ဝန်ဆောင်မှုကဏ္ဍများဖြစ်တဲ့ ပို့ဆောင် ရေးနှင့် ကုန်သွယ်မှုကဏ္ဍများကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍကြီးဟာ အခြားကဏ္ဍကြီးနှစ်ခု တိုးတက်ဖို့ အခြေခံကျတဲ့ကဏ္ဍလည်း ဖြစ်ပါတယ်။
ဆင့်ပွားသက်ရောက်နိုင်
စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်လုပ်နိုင်မှုစွမ်းအားမှတစ်ဆင့် စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍများတိုးတက်စေဖို့ အထောက်အကူပြုတာဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးစီးဆင်းလည်ပတ်မှုမှာပါဝင်နေတဲ့ စိုက်ပျိုးထုတ်ကုန်ထုတ်လုပ်သူ အိမ်ထောင်စုများ၊ စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်တဲ့ အသေးစား၊ အငယ်စားလုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အခြေပြုဆောင် ရွက်နေသူများအားလုံးကို အကျိုးသက်ရောက်စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် လယ်ယာ၊ သားငါး အခြေခံကုန်ထုတ်လုပ်မှုများကနေ ထုတ်လုပ်နိုင်စွမ်းတိုးတက်လာခြင်းဖြင့် အခြားကဏ္ဍများကိုပါ ဆင့်ပွားသက်ရောက်မှုများ ဖြစ်လာတာမို့ စိုက်မွေးစွမ်းအားဟာ နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေးကို များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။ ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားရာမှာလည်း ပြည်တွင်းနဲ့ ပြည်ပရောင်းဝယ်မှုများ ပါရှိလာတာဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ ထုတ်လုပ်နိုင်စွမ်းအားကောင်းပါက ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ပါ ပိုမိုရောင်းချနိုင်တဲ့အတွက် ပြည်ပမှဝင်ငွေရရှိပြီး နိုင်ငံတော်ရဲ့ဝင်ငွေကိုလည်း တိုးတက်လာစေမှာဖြစ်ပါတယ်။
ပြည်ပပို့ကုန်တိုးချဲ့ရေး
ဒီနေရာမှာ ပြည်ပပို့ကုန် များများပို့နိုင်ပါက ပို့ကုန်တိုးတက်ရရှိပြီး ကုန်သွယ်မှုမှာ ပိုငွေဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ကုန်သွယ်မှုပိုငွေများများရရှိပါက နိုင်ငံရဲ့ဂျီဒီပီတန်ဖိုး တိုးတက်ရရှိရေးကို အထောက်အကူ ပြုမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှထုတ်လုပ်နိုင်တဲ့ ပစ္စည်းများကို တိုးတက်ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းများ တိုးတက်လာမှာဖြစ်သလို အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ လုပ်ငန်းလည်ပတ်မှု အားကောင်းလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာမှာဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှုအတွက် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းများကိုပါ ပြည်တွင်းမှထုတ်လုပ်ရရှိပါက ပြည်တွင်းထုတ် ကုန်ချောပစ္စည်းများရဲ့ ဈေးနှုန်းမှာ ပြည်ပကတင်သွင်းရတာထက် ဈေးနှုန်းသက်သာမှုရှိလာမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သွင်းကုန်အစားထိုးနိုင်တဲ့အပြင် စားသုံးသူပြည်သူများအတွက် ကုန်ကျစရိတ် သက်သာစေမှာ ဖြစ်ပါ တယ်။
စိုက်ပျိုးရေးစွမ်းအားမြှင့်တင်ဖို့
မြန်မာနိုင်ငံဆိုတာ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ဖို့ ရေခံမြေခံကောင်းများကို ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားတဲ့နိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိတဲ့ ကုန်ထုတ်လုပ်မှုဟာ နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ ဒီတော့ နိုင်ငံ့ဂျီဒီပီ တိုးတက်ဖို့ စဉ်းစားတဲ့အခါမှာ မူလထုတ်လုပ်နေတဲ့ ကုန်ထုတ်လုပ်မှု ပမာဏကနေ ဘယ်လောက် တိုးတက်ထုတ်လုပ်မယ်၊ ပြည်တွင်းမှာ ဘယ်လောက်စားသုံးမယ်၊ ပြည်ပသို့ ဘယ်လောက်တိုးချဲ့ကုန်သွယ်မှု ပြုမယ်ကို ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး ထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ဖို့အတွက် စိုက်ပျိုးမြေတိုးချဲ့ခြင်း ဒါမှမဟုတ် လက်ရှိစိုက်ပျိုးနေတဲ့မြေပေါ်မှာ ရာသီအလိုက် တစ်သီး စားမှ နှစ်သီးစား၊ နှစ်သီးစားမှ သုံးသီးစားအထိ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ရာသီအလိုက်သာရရှိတဲ့ သီးနှံများကို ရာသီကုန်အထိရရှိအောင်လုပ်ဆောင်ခြင်း စတာတွေကိုဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရာသီသီးနှံများကို ဈေးကွက်အတွင်းမှာ ရာသီမရွေးဝယ်ယူရရှိနိုင်မည် ဆိုပါက ဝယ်လိုအားကောင်းပြီး တောင်သူများနဲ့ လက်လီလက်ကား ရောင်းဝယ်သူများလည်း ဝင်ငွေတိုးတက်ရရှိမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးမှာ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းဆိုတာရှိပါ တယ်။ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းသတ်မှတ်ရာမှာ ပညာရှင်များက နိုင်ငံတကာနဲ့မြန်မာနိုင်ငံရဲ့ သီးနှံထွက်နှုန်းများကို နှိုင်းယှဉ် သုတေသနပြုလုပ်ပြီး တစ်ဧကအထွက်နှုန်းကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ထိုသို့ စိုက်ပျိုးစွမ်းအားမြှင့်တင်ရာမှာ ရိတ်သိမ်းချိန်လွန် နည်းပညာများ တိုးတက်ရရှိရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေးနဲ့ ပန်းတိုင်ရည်မှန်း ချက် အထွက်နှုန်းများပြည့်မီရေး၊ စိုက်ပျိုးမြေတိုးချဲ့ခြင်းထက် အထွက်နှုန်းတိုးတက်ရေးနဲ့ ရာသီမရွေးသီးနှံများထုတ်လုပ်ရရှိနိုင်ရေးက အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာတော့ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီရေးနဲ့ သီးထပ်စွမ်းအားတိုးချဲ့ရေးကို အဓိကထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီနှစ်ချက်အောင်မြင်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးနဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ များစွာမြင့်မားလာနိုင် မှာဖြစ်ပါတယ်။
မျိုး၊ မြေ၊ ရေ၊ နည်း
ဂျီဒီပီတွင် အဓိကပါဝင်နေတဲ့ စိုက်ပျိုးရေးကဏ္ဍမှထုတ်လုပ်မှု တိုးတက်ဖို့ဆိုရင် လယ်ယာကဏ္ဍမှာ အဓိကလိုအပ်တာကတော့ မျိုး၊ မြေ၊ ရေ၊ နည်းပဲဖြစ်ပါတယ်။ မျိုးဆိုတာက မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ဖို့၊ မြေဆိုတာ မြေဆီမြေဩဇာကောင်းမွန်ဖို့၊ ရေဆိုတာက စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေရရှိဖို့၊ နည်းဆိုတာက စိုက်ပျိုးစနစ်နဲ့ နည်းပညာကောင်းမွန် မှန်ကန်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုအချက်လေးမျိုးစလုံးကို စိုက်ပျိုးသူတောင်သူဦးကြီးများ၊ သက်ဆိုင်ရာ စိုက်ပျိုးရေးနဲ့ နှီးနွှယ်သုတေသနဌာနများ၊ စိုက်ပျိုးရေးဝန်ဆောင်မှု ပံ့ပိုးပေးနေတဲ့ ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးကို ထိခိုက်နိုင်တဲ့ ထုတ်ကုန်အရည်အသွေးကျဆင်းမှု၊ သဘာဝဘေးနဲ့ ပိုးမွှားရောဂါ အန္တရာယ်ကျရောက်တတ်တဲ့ ကိစ္စရပ်များကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့လည်း လိုမှာဖြစ်ပါတယ်။
ဒီနေရာမှာစိုက်ပျိုးရေးနဲ့ဆက်စပ်လို့တင်ပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးတွင် ဓာတ်မြေဩဇာအမျိုးမျိုးကို နှုန်းထားအပြည့်အသုံးပြုမယ်ဆိုရင် လိုအပ်ချက်ဟာ နှစ်စဉ်မက်ထရစ်တန် လေးသန်းခန့်ရှိကြောင်း သိရှိရပါတယ်။ ပြည်တွင်းက ထုတ်လုပ်နိုင်မှုဟာ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ မက်ထရစ်တန် သုညဒသမ ၀၅ သန်းခန့်သာရှိကြောင်း သိရှိရပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် စိုက်ပျိုးရေးအတွက် မရှိမဖြစ်လို့ ဆိုရမယ့် ဓာတ်မြေဩဇာအမျိုးမျိုးကို နှုန်းထားအပြည့်အသုံးပြုဖို့ နှစ်စဉ်ပြည်ပက ပျမ်းမျှ မက်ထရစ်တန် ၃ ဒသမ ၉၅ သန်းခန့် တင်သွင်း ရမှာဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ဓာတ်မြေဩဇာအမျိုးမျိုးကို ပြည်ပကမက်ထရစ် တန် ၁ ဒသမ ၀၄ သန်းခန့် တင်သွင်းခဲ့ရကြောင်း သိရှိရပါတယ်။ ဒါဟာ လိုအပ်ချက်ကို နှုန်းထားပြည့်တင်သွင်းနိုင်ခဲ့တာမဟုတ်ပါဘူး။ ဒီလိုပြည်ပက တင်သွင်းရတဲ့အတွက် ဈေးနှုန်းကြီး မြင့်မှုကို ရင်ဆိုင်ရပြီး ဒါဟာ စိုက်ပျိုးထုတ်ကုန်များကို တန်ဖိုးကြီး မြင့်လာစေတဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာအမျိုးမျိုးကို သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ တခြား တွင်းထွက်ပစ္စည်းများကနေ ပြည်တွင်းမှာ လုံလုံလောက်လောက်သာ ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် နိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍကို များစွာအကျိုးပြုနိုင်မှာဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ထိရောက်စွာ အထောက်အကူဖြစ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရ အနေနဲ့လည်း စိုက်ပျိုးတောင်သူများရဲ့ ဓာတ်မြေဩဇာလိုအပ်ချက်ကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ဖို့ စီမံကိန်းများချမှတ်ပြီး ဆောင်ရွက်ပေးသင့်ပါကြောင်း တင်ပြလိုပါတယ်။
မွေးမြူရေးကဏ္ဍတိုးတက်ဖို့
အဲဒီလို စိုက်ပျိုးရေးကဏ္ဍကို မြင့်မားတိုးတက်လာအောင် ဆောင်ရွက်မယ်ဆိုရင် စိုက်ပျိုးရေးကထွက်ရှိလာမယ့် ကုန်ကြမ်းတွေက မွေးမြူရေးကိုပါ ဆက်စပ်အကျိုးပြုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူလူထုဟာ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနဲ့ ငါးတို့ကို အဓိကစားသုံးကြပါတယ်။ ဒီတော့ ဒေသတွင်း လိုအပ်ချက်ဖြစ်တဲ့ အသား၊ ငါးစားသုံးမှုကိုလည်း ဖူလုံအောင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုဈေးကွက်မှာ အသား ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ တိရစ္ဆာန်တွေကို မွေးမြူဆောင်ရွက်ရာ မှာ စီးပွားဖြစ်လုပ်ငန်းကြီးတွေကို စတင်လုပ်ကိုင်ခြင်းမျိုးမဟုတ်ဘဲ တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်ငန်းကစပြီး လုပ်ကိုင်နိုင်ပါတယ်။ ဒေသထွက်မျိုးစိတ်တွေနဲ့ပဲ စတင်လို့ရပါတယ်။ ဒါပေမဲ့ သမားရိုးကျ ပုံစံမျိုးနဲ့ မွေးမြူကြမယ်ဆိုရင်တော့ တိုးတက်လာမှာမဟုတ်ဘဲ မိသားစု စားရေးဖူလုံရုံသာ အဆင်ပြေနိုင်မှာဖြစ်ပြီး လူမှုစီးပွားဘဝကို တိုးတက် နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ခေတ်မီတဲ့မွေးမြူရေးနည်းစနစ်တွေနဲ့ ပေါင်းစပ်မွေးမြူကြရမှာဖြစ်ပါတယ်။ ဒီလိုနည်းပညာတွေကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ သွင်းအားစုကုမ္ပဏီတွေကနေ နည်းပညာအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးနေပါတယ်။ စိုက်ပျိုးရေးကထွက်ရှိလာတဲ့ ဆန်ကွဲ၊ ဖွဲ၊ ပြောင်း၊ ပဲဖတ်နဲ့ ကောက်ရိုး တွေကို မွေးမြူရေးတိရစ္ဆာန်များအတွက် အာဟာရဖြည့်စွက်စာကျွေး ခြင်းဖြင့်လည်းကောင်း၊ ယူရီးယားနဲ့ ပြုပြင်ထားတဲ့ ကောက်ရိုးကျွေးမွေး ခြင်းဖြင့်လည်းကောင်း၊ နေဗီယာမြက်ကဲ့သို့ တိရစ္ဆာန်အာဟာရ ဖြည့်မြက်မျိုးများ စိုက်ပျိုးကျွေးမွေးခြင်းဖြင့်လည်းကောင်း စနစ်တကျ ကျွေးမွေးပြီး မွေးမြူရမှာဖြစ်ပါတယ် ။ နည်းပညာအကူအညီရယူပြီး စနစ်တကျမွေးမြူတဲ့ မွေးမြူရေးလုပ်ငန်းနဲ့ လွှတ်ကျောင်းစနစ်နဲ့ မွေးမြူတဲ့လုပ်ငန်းဟာ အကျိုးရှိထိရောက်မှုခြင်း လုံးဝကွာခြားလှပတယ်။ ဖတ်မှတ်ဖူးခဲ့တဲ့စာအုပ်အချို့မှာဆိုရင် အရှေ့တောင်အာရှမှာ ကြက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် အစောဆုံးမွေးမြူတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ကြောင်း မှတ်သားဖူးပါတယ်။ အဲဒီလို အိမ်မွေးတိရစ္ဆာန် အဖြစ်မွေးမြူခဲ့တဲ့ ဒေသကြက် တစ်နည်းအားဖြင့် တိုင်းရင်းကြက်မျိုး ဟာ ပြည်ပကဝင်ရောက်လာတဲ့ မျိုးစိတ်ဖြစ်တဲ့ အသားတိုးကြက်တွေ ထက် အရသာပိုပြီးပြည့်စုံကောင်းမွန်ပါတယ်။ ဒီလိုတိုင်းရင်းကြက်မျိုး ကို သမားရိုးကျနည်းနဲ့ မွေးမြူနေခြင်းထက် နည်းပညာအကူအညီနဲ့ သေချာစနစ်တကျ မွေးမြူနိုင်ဖို့ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီလိုပဲ တခြားအသားထုတ်လုပ်နိုင်တဲ့ ဒေသမျိုးစိတ်တွေဖြစ်တဲ့ ဝက်၊ အမဲ၊ ဆိတ်နဲ့ ငါးတွေကိုလည်း သမားရိုးကျ မွေးမြူခြင်းမဟုတ်ဘဲ ခေတ်မီ တဲ့ မွေးမြူရေးနည်းစနစ်တွေနဲ့ မွေးမြူကြရမှာဖြစ်ပါတယ်။ ဒီလိုမျိုး တစ်ပိုင်တစ်နိုင် မွေးမြူရေးကို စနစ်တကျနဲ့ဆောင်ရွက်မယ်ဆိုရင် အသားထွက်နှုန်းတိုး၊ နို့ထွက်နှုန်းတိုးတက်လာမှာဖြစ်ပြီး ဈေးကွက် ဝင်အာဟာရဓာတ်ပြည့်ဝတဲ့အသားများကို မွေးမြူထုတ်လုပ်လာနိုင် မှာဖြစ်ပါတယ်။ ဒါဆိုရင် ဈေးကွက်မှာလည်း ယခင်ထက် ရောင်းတန်းပိုဝင်လာပြီး ဝင်ငွေရရှိမှုမှာလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ ထို့နည်း တူစွာပဲ ပြည်တွင်းမှာ အခြေခံစားသုံးနေကြတဲ့ ကြက်ဥ၊ ဘဲဥ ထုတ်လုပ် မှုကိုလည်း ပြည်တွင်း စားသုံးမှုအတွက်သာမက ပြည်ပသို့တင်ပို့နိုင် သည်အထိ တိုးတက်ထုတ်လုပ်ဖို့ ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
မွေးမြူရေးဘက်မှာ မျိုးကောင်းမျိုးသန့်များ မွေးမြူရေးနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာများ ကျွေးမွေးဖို့၊ ကျန်းမာသန်စွမ်းပြီး ရောဂါကျရောက်မှု အန္တရာယ်မှ ရှောင်ရှားနိုင်ဖို့ကို အထူးဂရုပြုရမှာဖြစ်သလို မွေးမြူထုတ်လုပ်ရာမှာလည်း နည်းစနစ်ကောင်းများနဲ့ ထုတ်လုပ် နိုင်မှ အလေအလွင့်လျော့နည်းပြီး ထုတ်လုပ်နိုင်စွမ်း တိုးတက်လာမှာ ဖြစ်ပါတယ်။ အလေအလွင့်လျော့နည်းဖို့ဆိုရင် စိုက်ပျိုးမွေးမြူမှုလုပ်ငန်း စတင်သည်မှ ဈေးကွက် (Farm to Market) သို့ ရောက်ရှိသည်အထိ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် လိုအပ်တဲ့နည်းစနစ်နဲ့ အခြေခံအဆောက်အအုံ (ဥပမာ- ခေတ်မီသီးနှံသိုလှောင်ရုံများ၊ ကြိတ်ခွဲ၊ သန့်စင်သည့်စနစ်၊ ထုတ်လုပ်မှုစက်ကိရိယာများ) လိုအပ်ချက်များကို စနစ်တကျဖြည့်ဆည်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဈေးကွက်သို့ ဝင်ရောက်ရာမှာ ဈေးနှုန်းရရှိနိုင်ဖို့ စံချိန်၊ စံညွှန်းပြည့်မီစေဖို့ နည်းစနစ်ကောင်းများကို ထည့်သွင်းစဉ်းစားသွားရမှာ ဖြစ်ပါတယ်။ ဒါမှသာ ထုတ်ကုန်များ ဈေးကောင်းရရှိမှာဖြစ်ပြီး ဝင်ငွေတိုးတက်စေရေးကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါများပြီး မြေပေါများတဲ့ မြန်မာနိုင်ငံမှာ မွေးမြူရေးစွမ်းအား တိုးတက်ဖို့ အခြေခံကောင်းများ များစွာရှိတဲ့အတွက် မွေးမြူရေးဇုန်များ၊ စီးပွားဖြစ် မွေးမြူရေးခြံများ၊ ငါးမွေးမြူရေးကန်များကို စနစ် တကျဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့တဲ့ မွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်လာမှာဖြစ်တဲ့အပြင် စားရေရိက္ခာဖူလုံရေးဆိုတဲ့ အမျိုးသားရေးရည်မှန်းချက်ပြည့်မီရေးကို အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
တကယ်လုပ်အဟုတ်ဖြစ်
အထက်မှာတင်ပြခဲ့သည့်အတိုင်း ဂျီဒီပီတိုးတက်ဖို့အစ လယ်ယာထွက်ကုန်ကဆိုသကဲ့သို့ လယ်ယာကဏ္ဍကို တိုးတက်ဆောင်ရွက်ခြင်း ဖြင့် အခြားကဏ္ဍများလည်း တိုးတက်လာမှာဖြစ်တဲ့အတွက် စိုက်ပျိုးမွေးမြူရေးစွမ်းအားနဲ့ ဂျီဒီပီတိုးတက်ရေးကို မြှင့်တင်ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးအတွက် အခြေခံကောင်းများ ရှိပြီးဖြစ်တဲ့အတွက် အဆိုပါ အလားအလာကောင်းများကို ပိုမိုအကျိုးဖြစ်ထွန်းစေဖို့ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုနဲ့ စိုက်မွေးကဏ္ဍတိုးတက်ရေးကို အားပေးမြှင့်တင်လျက်ရှိသလို ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့လည်း နိုင်ငံတော်နဲ့ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုပြုခြင်းဖြင့် တကယ်လုပ်အဟုတ်ဖြစ်ဆိုတဲ့စကားအတိုင်း လက်တွေ့အမှန်တကယ် အကျိုး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။
နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေး
ဒါကြောင့် ဂျီဒီပီ တိုးတက်စေဖို့ အခြေခံဖြစ်တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍများမှ တိုးတက်ထုတ်လုပ်နိုင်ဖို့ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေများ ထုတ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးလျက်ရှိပါတယ်။ နိုင်ငံတော်က စိုက်မွေးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးနေသလို တောင်သူများနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ညီလက်ညီနဲ့ ဆောင်ရွက်သွားပါက ပြည်သူများရဲ့ ဝင်ငွေတိုးတက်လာပြီး နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကို အထောက်အကူကောင်းများ ဖြစ်ပေါ်လာစေမှာဖြစ်ပြီး ဂျီဒီပီတိုးတက်ရေးကို အထောက်အကူပြုလာမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါတယ်။ ။
