အဏ္ဏဝါဂေဟစနစ်အတွက်အရေးပါသော အစိမ်းရောင်တံတိုင်းကြီးများ သို့မဟုတ် ဒီရေတော
ပေါက်ပေါက်
ဒီရေရောက်သစ်တော (ခေါ်) ဒီရေတောဆိုသည်မှာ လမုတောများ အစုအဖွဲ့တည်ရှိသည့် ကမ်းရိုးတန်းဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ (Wetland) များကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသများတွင် သဘာဝဒီရေတောများ ထိန်းသိမ်းရေးနှင့် ဒီရေတောစိုက်ခင်းများ တည်ထောင်ရေးသည် လွန်စွာအရေးကြီးသည့်အပြင် ဒီရေတောများကို စနစ်တကျကာကွယ်ခြင်းသည် အဏ္ဏဝါဂေဟစနစ်တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ်တစ်ခုလည်း ဖြစ်ပါသည်။
ထို့ကြောင့် ယခုနှစ် မိုးရာသီအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ဒီရေတောဧက ၂၅၀၀ ကျော် စိုက်ပျိုးထားကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ စိုက်ပျိုးမည့် ဒီရေတောသစ်မျိုးဝင် အပင်အမျိုးအစားများမှာ ကနစို၊ လမု၊ လမဲ့၊ သစ်ရာ၊ ပင်လယ်အုန်း၊ ဗြူး၊ ရွှေဝါ၊ ဗြူးအုပ်ဆောင်း၊ အိတ်မသွယ်၊ သမဲ့ကြီး အစရှိသည်တို့ဖြစ်သည်။ အဆိုပါ သစ်အမျိုးအစားများစိုက်ပျိုးသည့် ဒီရေတောများမှာ တနင်္သာရီတိုင်းဒေသကြီးရှိ အောင်ဘာဒီရေတော ကြိုးပြင်ကာကွယ်တော၊ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဝမ်းဗိုက်ကြိုးဝိုင်းဒီရေတောနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒီရေတောများ ဖြစ်ကြသည်။ ထို့ပြင် မေလအတွင်းကလည်း တောင်ကုတ်မြို့နယ် ဒီရေတော၌ ဗြူးခြေထောက်ပင် များကို စိုက်ပျိုးထားကြောင်း သိရသည်။
အရေးပါသော ဒီရေတော
ဒီရေတောများသည် လူသားတို့အတွက် အကျိုးကျေးဇူးမြောက်မြားစွာပေးစွမ်းနိုင်သဖြင့် သက်ရှိကမ္ဘာကြီးအတွက် ဒီရေတော၏ အရေးပါပုံမှာ အံ့ချီးမကုန်နိုင်ပေ။
ဒီရေတောအများစုကို၎င်းအပင်တို့၏ ထူထပ်သောအမြစ်များဖြင့် သတိပြုမိနိုင်ပါသည်။ ထိုအမြစ်များသည် ဒီရေအတက်အကျတွင် မြေဆီလွှာ အနည်အနှစ်များ မျောပါမသွားအောင် ကာကွယ်ပေးသည်။ ဒီရေတောပင်များ၏ အမြစ်စနစ်သည် ငါးများနှင့် အခြားသတ္တဝါများအတွက် နားခိုရာအဖြစ် စွမ်းဆောင်ပေးသကဲ့သို့ ငါး၊ ပုစွန်၊ ကဏန်း စသည့်ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားရာ နေရာလည်းဖြစ်သည်။ ကမ်းရိုးတန်း သယံဇာတဖြစ်သော ဒီရေတောများသည် ဒီရေလှိုင်းဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ကမ်းရိုးတမ်းဒေသတွင် ဒီရေလှိုင်းများ၊ ပြင်းထန်သောရေစီးကြောင်းများနှင့် မုန်တိုင်းများကြောင့် ဖြစ်ပေါ်လာသော မြေတိုက်စားမှု အန္တရာယ်မှကာကွယ်ပေးသည်။
ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင်ရှိသော ကျေးရွာများကို လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီရေလှိုင်းရိုက်ခတ်ခြင်း စသည့်သဘာဝဘေး အန္တရာယ်များကို ဒီရေတောအပင်များဖြင့် တံတိုင်းကြီးတစ်ခုသဖွယ် ကာကွယ်တားဆီးပေးနိုင်သည်။ ဒီရေတောများသည် ဆူနာမီ ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကိုပင် ကာကွယ်ပေးနိုင်သည်။ ရေလွှမ်းမိုးမှုကာကွယ်ရေး၊ အာဟာရနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချရေး၊ စိုက်ပျိုးရေးစသည့်ဂေဟစနစ် ဆိုင်ရာလုပ်ငန်းများအတွက် ဒီရေတောများက များစွာအထောက်အပံ့ပေးနိုင်ပါသည်။ ထို့ပြင် ပင်လယ်ပြင်မှဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ်ကာကွယ်ပေးနိုင်သည့်အပြင် လယ်ယာမြေများအတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုကိုလည်း တားဆီးပေးနိုင်သည့်အတွက် သီးနှံများပျက်စီးဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်သည်။
ဒီရေတောများသည် အပင်မျိုးစုံပေါက်ပွားရာ အရပ်ဖြစ်ပြီး မြေဆီလွှာကို ထိန်းသိမ်းပေးခြင်း၊ ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုကို ကာကွယ် ပေးခြင်း၊ လှိုင်းဒဏ်လေဒဏ်တို့ကို ကာကွယ် ပေးသည့် ခံတပ်ကြီးများဖြစ်ခြင်းတို့အပြင် လူ့အသုံးအဆောင်ပစ္စည်းများဖြစ်ကြသော ထင်း၊ မီးသွေးနှင့်သစ်များ ထုတ်ယူနိုင်ခြင်းဖြင့်လည်း ကောင်းကျိုးပြုသည်။ ရာသီဥတု ပြောင်းလဲမှုကို အဓိကဖြစ်စေသော ဖန်လုံအိမ် အာနိသင်ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို ဒီရေတောနှင့် ကမ်းရိုးတန်း ဂေဟစနစ်များက အမြောက်အမြား စုပ်ယူသိုလှောင်ထားနိုင်သည်။ ဤအကျိုးဆက်က ဒေသအတွင်းရှိ ရေမြေသဘာဝနှင့် ရာသီဥတု ကို မျှတစေပါသည်။ ဇီဝမျိုးစုံနှင့် ဂေဟစနစ်ကို ရေရှည်တည်တံ့စေပြီး ဒေသစိမ်းလန်း စိုပြည် ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုစေသည်။ ဒီရေတော နယ်နိမိတ်အတွင်း သစ်တော၊ ရေ၊ မြေ၊ သားငှက်တိရစ္ဆာန်များ အတွက် ဘေးကင်းလုံခြုံ၍ တည်ငြိမ်သော ဂေဟစနစ်ကို ဖြစ်ပေါ်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိနိုင်ပါသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းတွင် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်ရှိ ရွာတစ်ရွာသည် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်မှတ်တမ်းဝင်လိုသဖြင့် ရွာ၏ကမ်းခြေတစ်လျှောက်တွင် ၂၄ နာရီအတွင်း ကဗွီး ပျိုးပင်ပေါင်း ၈၀၂၄၄ ပင် စိုက်ပျိုးခဲ့သည်။ နှစ်နှစ် အကြာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆူမတြား၌ ငလျင်လှုပ်ခတ်ခဲ့သဖြင့် တမီလ်နာဒူး ကမ်းရိုးတန်းသို့ ဆူနာမီဝင်ရောက်ခဲ့သည်။ အနီးနား ရှိဒေသများသို့ ကြီးမားသော လှိုင်းလုံးကြီးများ ဝင်ရောက်ခဲ့သဖြင့် ကမ်းရိုးတန်းဒေသရှိ လူအများ အပြား ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ ၈၀၀၀ ဝန်းကျင်ခန့် ရှိခဲ့သည်။ သို့ရာတွင် အဆိုပါရွာကလေးသည် ဆူနာမီဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ လူအသေ အပျောက်လည်း မရှိခဲ့ပေ။ အကြောင်းရင်းမှာ ရွာသူ ရွာသားများ စိုက်ပျိုးခဲ့သော ကဗွီးပင်တောအုပ်က ၎င်းတို့၏ အသက်ကို ကယ်တင်ပေးခဲ့သောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဒီရေတောအခြေအနေ
မြန်မာနိုင်ငံတွင် ဒီရေတော ဧရိယာ ၁ ဒသမ ၁ သန်းကျော်ရှိပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက်နှင့် အရှေ့တောင်အာရှတွင် တတိယမြောက် ဒီရေတော အများဆုံးပိုင်ဆိုင်သော နိုင်ငံဖြစ်သည်။ သစ်တော ဦးစီးဌာနက ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့ စေရန်၊ သဘာဝဘေးအန္တရာယ်ကျရာက်မှုမှ ကာကွယ်ပေးနိုင်ရန်၊ ဒီရေတောကို အမှီပြုနေသော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစိမ်း ရောင်တံတိုင်းအဖြစ် ဒီရေတောကြိုးပြင်ကာကွယ်တော ခုနစ်ခု (၂၃၈၅၅ ဧက) ကို ဖွဲ့စည်းတည်ထောင်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော ၄၄ ခု (၇၁၇၂၃၈ ဧက) ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဒီရေတောဧရိယာ၏ ၃ ဒသမ ၃ ရာခိုင် နှုန်းအထိ ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးဖြင့် ယိုယွင်းပျက်စီးလျက်ရှိသည်။ လူဦးရေတိုးပွားလာမှုနှင့်အတူ ရေတိုအကျိုးစီးပွားအတွက် မဆင်မခြင်ခုတ်ယူခြင်း၊ စားရေရိက္ခာနှင့် စိုက်ပျိုးမြေအတွက် မြေယာတိုးချဲ့ခြင်း၊ ငါးကန်၊ ပုစွန်ကန်များ မွေးမြူရန်အတွက် အပြောင်ခုတ်ထွင် ရှင်းလင်းခြင်း၊ ဒေသဆိုင်ရာ အာဏာပိုင်တို့၏ စီမံခန့်ခွဲမှုအားနည်းခြင်းနှင့် မသမာမှုများရှိနေခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထိန်းသိမ်းစောင့်ရှောက်သင့်သော ဒီရေတော
ဒီရေတောများ ပျက်စီးပြုန်းတီးခဲ့လျှင် ရာသီဥတု ပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းက ပိုမိုဆိုးရွား စေမည်ဖြစ်ပြီး ထိခိုက်လွယ်သည့် ကမ်းရိုးတန်း သယံဇာတများမှာလည်း အလျင်အမြန် ပျက်စီး ပြုန်းတီးသွားမည်ဖြစ်သည်။ ထို့အတူ ကမ်းရိုးတန်း တစ်လျှောက်ရှိ ဒီရေတောများကို စည်းကမ်းမဲ့ ခုတ်ယူသုံးစွဲခြင်းကြောင့်လည်း ကမ်းပါးပြိုတိုက်စား မှု၊ နုန်းအနည်ကျမှုများ ဖြစ်ပေါ်စေကာ ရေထု အတွင်းရှိ ငါးများ၏ ရှင်သန်ရပ်တည်မှုကို ထိခိုက် ပျက်စီးစေမည်ဖြစ်သည်။
ထို့ကြောင့် ယနေ့ကာလတွင် ပင်လယ်ကမ်းခြေကို ပိုင်ဆိုင်ထားသော နိုင်ငံအချို့သည် ကမ်းပါးပြိုတိုက်စားမှုကိုထိန်းချုပ်ရာ၌ ကွန်ကရစ်အဆောက် အအုံများဆောက်လုပ်၍ ကာကွယ်လေ့ရှိသည်။ သို့ရာတွင် ယင်းလုပ်ငန်းသည် ငွေကြေးကုန်ကျမှု များပြားသောလုပ်ငန်းဖြစ်၍ သဘာဝအခြေခံနည်းဖြင့် ဖြေရှင်းသည့်နည်းလမ်းများဖြစ်သော ဒီရေတော များ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဒီရေတောများ ထိန်းသိမ်းကာကွယ်ခြင်း စသည့်အစိမ်းရောင် အကာအရံတံတိုင်းများ အဓိကထား၍ ပြုစုတည်ထောင်လာကြသည်။ အရေးပါသည့်နေရာများ ကို အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင် ကာကွယ်တောများအဖြစ် သတ်မှတ်ကာ အကောင်အထည်ဖော် ထိန်းသိမ်းလာကြသည်။
သို့ရာတွင် ကမ္ဘာအနှံ့ရှိ ဒီရေတောများသည် လူသားများ၏ မဆင်မခြင်လုပ်ဆောင်မှုကြောင့် ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံနေရသည်။ လွန်ခဲ့သည့် နှစ် ၄၀ အတွင်း ကမ္ဘာတစ်ဝန်းရှိ ဒီရေတောဖုံးလွှမ်းနေသည့် ဧရိယာထက်ဝက်နီးပါး လျော့ကျသွားခဲ့ပြီဖြစ်သည်။ ပျက်စီးမှုနှုန်းသည် တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းခန့်ရှိနိုင်ပြီး ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ ဒီရေတောများ၏ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
ပလတ်စတစ်ညစ်ညမ်းမှု အထူးသတိပြု
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ ပင်မကုန်းမြေတွင်ရှိသော နိုင်ငံများတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ဂေဟစနစ်အမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ရှိနေသည်။ ဒီရေတော၊ သန္တာကျောက်တန်းနှင့် ပင်လယ်မြက်ခင်း စသည့်ဂေဟစနစ်များရှိပြီး ၎င်းတို့သည် နိုင်ငံ၏ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးမျိုးတို့ကို ပံ့ပိုးပေးရာ အရင်းအမြစ်လည်းဖြစ် သည်။ ယခုအခါ ကမ်းရိုးတန်းဒေသရှိ မြန်မာ့ဒီရေတော များသည် အကြောင်းအမျိုးမျိုးဖြင့် ယိုယွင်းပျက်စီးလျက်ရှိသည်။
အဓိကအကြောင်းရင်းမှာ ကမ်းနံဘေး တစ်လျှောက် နေထိုင်သူများသည် မြစ်ကြီးများနှင့် ချောင်းများအတွင်းသို့ နှစ်စဉ် ပလတ်စတစ်အမှိုက် တန်ပေါင်းများစွာ ပစ်ချနေသကဲ့သို့ ကမ်းခြေသို့ အပန်းပြေသွားသူ အများစုကလည်း ပလတ်စတစ် ထုတ်ကုန်များကို ကမ်းခြေ၌ စည်းကမ်းမဲ့စွန့်ပစ်နေကြသည်။
ပလတ်စတစ်ထုတ်ကုန်များသည် ကမ္ဘာပေါ်တွင် ဈေးအပေါဆုံးနှင့် ပြိုကွဲပျက်စီးရန် နှစ်ပေါင်း ရာချီကြာမြင့်သည့်ပစ္စည်း ဖြစ်သည်။ ယခုအခါ ပလတ်စတစ်ကို ကမ္ဘာတစ်ဝန်းရှိ မြစ်ချောင်းအင်းအိုင်များနှင့် သမုဒ္ဒရာအားလုံး၌ တွေ့မြင်နေရသည်။ လက်ရှိသမုဒ္ဒရာများအတွင်း ပလတ်စတစ်တန်ချိန် ၇၅ သန်းမှ ၁၉၉ သန်းခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ပလတ်စတစ် ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှုပုံစံများကို မပြောင်းလဲပါက ရေနေဂေဟစနစ်အတွင်းသို့ ပလတ်စတစ်အမှိုက် ဝင်ရောက်မှုပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိ ရှိလာပြီး ၂၀၄၀ ပြည့်နှစ်တွင် သုံးဆနီးပါး တိုးလာနိုင်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က ထုတ်ပြန်ထားသည်။
ပင်လယ်နှင့် ကမ်းရိုးတန်းဒေသများကို စနစ်တကျထိန်းသိမ်းနိုင်ခြင်းသည် နိုင်ငံ၏စားရေရိက္ခာဖူလုံရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေးတို့ကို အထောက်အကူပြုခြင်းပင်ဖြစ်သည်။ ကမ်းရိုးတန်းသယံဇာတများ စည်းကမ်းမဲ့ထုတ်ယူသုံးစွဲနေမှု၊ ကမ်းခြေများသန့်ရှင်းရေးနှင့် ပလတ်စတစ်အမှိုက်များ စနစ်တကျစွန့်ပစ်မှုကို့ကို ထိန်းသိမ်းကြပ်မတ်ရန် ပျက်ကွက်ပါက ကမ်းရိုး တန်းဂေဟစနစ်များ ပျက်စီးပြုန်းတီးမှုကိုသာ ဦးတည်စေမည်ဖြစ်သည်။
အချုပ်ဆိုရလျှင် ကမ်းရိုးတန်း ဒီရေတောများ ဆုံးရှုံးမှုသည် ကုန်းသစ်တောများထက် သုံးဆမှ ငါးဆပိုများနေသည်။ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းတွင် မြစ်ဝကျွန်းပေါ်ဒေသ၌ လူအသေအပျောက် များပြားခဲ့မှုမှာ ဒီရေတောများ ပြုန်းတီးနေခြင်းက အခြေခံအကြောင်းတရား ဖြစ်သည်။ လက်ရှိတွင် ဒီရေတောများ ဧကများစွာ ပြုန်းတီးနေသော်လည်း ပြန်လည်စိုက်ပျိုးနိုင်မှုက နည်းပါးနေသေးသည်မှာ အနာဂတ်ဂေဟစနစ်အတွက် စိုးရိမ်ရသည့်အခြေအနေဖြစ်ပါသည်။ သို့ပါ၍ သက်ရှိကမ္ဘာကြီး ရှင်သန်ရန်အတွက် လွန်စွာအရေးပါသော ဒီရေတောများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အချိန်မနှောင်းခင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။ ။
