ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၃) (စက်မှုဝန်ကြီးဌာန)
မြင့်စိုး(နတလ)
MSME ပြပွဲပြိုင်ပွဲကြီး၏ အကျိုးရလဒ်များ
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကြီး ကျင်းပပြုလုပ်ပြီးစီးသွားသည်မှာ ရက်သတ္တပတ်ကျော်ခဲ့ပြီဖြစ်၏။ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စက်မှုဝန်ကြီးဌာနက ဦးဆောင်၍ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများ၏ ပူးပေါင်းပါဝင်မှု၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကဲ့သို့ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုတို့ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
ထိုပြပွဲပြိုင်ပွဲကြီးကရလိုက်သော အကျိုးရလဒ်များကမူ နိုင်ငံအတွက်ရော လုပ်ငန်းရှင်များအတွက်ပါ အဖိုးမဖြတ်နိုင်ဟု ပြောရပါမည်။ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မား တိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းပေါများပြီး မိသားစုဝင်ငွေတိုးလေလေ ဆင်းရဲနွမ်းပါးမှုကိုလျှော့ချ၍ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာလေလေ ဖြစ်လာပေလိမ့်မည်။ ပြည်ထောင်စုအဆင့် ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတည်းဟူသော ခေါင်းစဉ်နှင့်အညီဒေသအသီးသီးမှ ထုတ်ကုန်များကို တစ်နေရာတည်းတွင် တစုတစည်းပြသခွင့်ရရှိခဲ့ပြီး စီးပွားရေးချိတ်ဆက်မှု (Business Emgagement နှင့် Supply Chain) ကို ပိုမိုအားကောင်းစေခဲ့သည်။
ပို၍ ဝမ်းမြောက်ဖွယ်ကောင်းသည်ကတော့ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွား ရေးလုပ်ငန်းတော်တော်များများကို ဒစ်ဂျစ်တယ်နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်အောင် လက်တွဲခေါ်ယူထိတွေ့ပြသပေးနိုင်ခြင်းပဲဖြစ်သည်။ ယနေ့ခေတ်စီးပွားရေးအခင်းအကျင်းတွင် ဒစ်ဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်း အရွယ်အစားအမျိုးမျိုးအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေသည်။
လုပ်ငန်း တိုးတက်ကောင်းမွန်လာစေရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် အခွင့်အလမ်းများ ဆောင်ကြဉ်းပေးသလို အခြားသော စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင်ရာတွင်လည်း MSME လုပ်ငန်းရှင်များအနေဖြင့် နောက်ဆုံးပေါ်နည်းပညာများနှင့်အတူ ခေတ်ရေစီးကြောင်းကို အမီလိုက်နိုင်ရန် လိုအပ်ပါသည်။ ဆန်းသစ်တီထွင်မှုများနှင့်အတူ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချ၍ အရည်အသွေးစံချိန်စံညွှန်းပြည့်မီသော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံတကာဈေးကွက်အထိပါ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်သည်။ MSME ကဏ္ဍမှ ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခြင်းသည် နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက် နှစ်ရပ်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံ့စီးပွားမြင့်မားရေးအတွက်လည်း များစွာအထောက် အကူပြုလျက်ရှိသည်။
မှတ်တမ်းကောင်းများ ရေးထိုးနိုင်ခဲ့
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြပွဲပြိုင်ပွဲကာလ ရက်သတ္တပတ်အတွင်း လုပ်ငန်းကဏ္ဍအသီးသီး၏ အောင်မြင်တိုးတက်မှု မှတ်တမ်းများ၊ ကိန်းဂဏန်းအချက်အလက်များကို ပြုစု ရယူခဲ့ကြရာတွင် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching)သို့ MSME လုပ်ငန်း ရှင်ပေါင်း ၅၆၉ ဦး၊ ဘဏ်လုပ်ငန်းရှင် ၄၈ ဦး၊ စီးပွားရေးသံမှူး ၁၆ ဦးတို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု အကြိမ်ပေါင်း ၇၁၀ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ Digital Corner နည်းပညာပြခန်းတွင်လည်း နည်းပညာ လေ့လာသူ ၁၉၇ ဦး၊ စံချိန်စံညွှန်း Calibration နှင့် ISO ရရှိနိုင်ရေး မေးမြန်းဆွေးနွေးသူ ၈၅ ဦး၊ မြန်မာ့ စံချိန်စံညွှန်း လာရောက်ဝယ်ယူသူ ၁၄ ဦး၊ နည်းပညာများနှင့် ဝန်ဆောင်မှုများ ရယူလို၍ လာရောက်တောင်းခံသူ ၄၂ ဦး စုစုပေါင်း ၃၄၄ ဦး ရှိခဲ့သည်။ စက်မှုဝန်ကြီးဌာနပြခန်းမှ SME Member Card နှင့် ယာယီမှတ်ပုံတင်လက်မှတ်တို့ကို နေ့ချင်းပြီး ပြုလုပ်ထုတ်ပေးနိုင်မှုအခြေအနေမှာ အသေးစားလုပ်ငန်း ၁၁ ခု၊ အလတ်စားလုပ်ငန်း ကိုးခု ပေါင်း ၂၀ ဖြစ်သည်။
FDA နှင့်ပတ်သက်၍လည်း Business Matching Hall သို့ လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းသူ ၆၃ ဦး၊ ကျန်းမာရေးဝန်ကြီးဌာနပြခန်း၌ ဆွေးနွေးသူ ၂၁ ဦး စုစုပေါင်း ၈၄ ဦး ရှိပါသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း လာရောက်အားပေးကြည့်ရှုမှုအခြေအနေမှာ လူဦးရေစုစုပေါင်း ၁၂၂၀၇၅ ဦး၊ ယာဉ်ကြီး/ ယာဉ်ငယ် စုစုပေါင်း ၁၂၇၂၈ စီး၊ မော်တော်ဆိုင်ကယ် ၆၅၇၀ တို့ဖြစ်ကြောင်း သိရသည်။
စက်ကိရိယာ၊ ဆေးဝါး၊ လူသုံးကုန်၊ စားသောက်ကုန်များ ရောင်းချရမှုအခြေအနေ
ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်စားပြုပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းပြခန်းများ၊ ကုန်ထုတ်သမဝါယမအသင်းပြခန်းများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ပြခန်းများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ ထုတ်ကုန်ပြခန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ပြခန်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းပြခန်း၊ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်း ပြခန်းများနှင့် အခြားသောပြခန်းများအပါအဝင် ၉၆ ခန်း ခင်းကျင်းပြသလျက်ရှိသည့်အနက်ပြခန်း ၇၁ ခန်းမှ စက်ကိရိယာများ၊ ဆေးဝါးများ၊ လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့ကို လာရောက် ကြည့်ရှုလေ့လာသူ ရဟန်းရှင်လူပြည်သူအပေါင်းတို့က တစ်ခဲနက်ဝယ်ယူအားပေးကြကြောင်း သိရသည်။
စုစုပေါင်းရောင်းချရငွေမှာ မြန်မာကျပ်ငွေ ၃ ဒသမ ၄၃၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၀၃ ဒေါ်လာဖြစ်ပါသည်။ ထိုသို့လာရောက်ဝယ်ယူအားပေးကြရာတွင် Super Seven Star ပြခန်းမှ နွားနို့ ညှစ်စက်နှင့် ဆက်စပ်ပစ္စည်းများအတွက် ရောင်းရငွေကျပ် သိန်းပေါင်း ၇၀၀၆ သိန်းကျော်၊ အချိုရည်ထုတ် စက်ပစ္စည်းများအတွက် ရောင်းရငွေ ၂၁၅၉ သိန်းကျော်၊ စက်မှုဝန်ကြီးဌာနမှ စောင်၊ ခြင်ထောင်များ ရောင်းချရငွေ သိန်းပေါင်း ၁၀၄၃ သိန်းကျော်၊ တနင်္သာရီတိုင်းဒေသကြီးပြခန်းမှ ပုလဲရောင်းရ ငွေကျပ်သိန်း ၆၉၆ သိန်းကျော်၊ မကွေးတိုင်းဒေသကြီးပြခန်းမှ ဂဠုန်မင်းညီနောင် ချည်ထည်ရောင်းရ ငွေ ၄၃၂ သိန်းကျော်၊ ကချင်ပြည်နယ်ပြခန်းမှ ကချင်ရိုးရာအဝတ်အထည်များ ရောင်းရငွေကျပ်သိန်း ၄၂၀ ကျော်တို့က အများဆုံးရောင်းချရသည့် စာရင်းတွင်ပါဝင်ကြောင်း တွေ့ရသည်။
စက်မှုဝန်ကြီးဌာနပြခန်းတွင် ပြသထားမှုများ
နိုင်ငံတော်အကြီးအကဲသည် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်ကိုယူလျက် မူဝါဒများချမှတ် လမ်းညွှန်ပေးခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး ခရီးစဉ် ၁၁ ခုသို့ သွားရောက်၍ MSME လုပ်ငန်းရှင် များနှင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန် မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရီးစဉ် ၁၃ ခု သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့ပါသည်။ ဗဟိုကော်မတီ ဖွဲ့စည်းပုံ၊ ခရီးစဉ်မှတ်တမ်းဓာတ်ပုံများနှင့် လမ်းညွှန်ချက်များကို စက်မှုဝန်ကြီးဌာနပြခန်းတွင် ချိတ်ဆွဲပြသထားပါသည်။ ထို့အတူလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုများကိုလည်း ထုတ်နုတ်ပြသထားပါသည်။
ထို့ပြင်နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်များ ရွေးချယ်ဆောင်ရွက်ထားရှိမှု၊ MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ဒေသဆိုင်ရာအေဂျင်စီများ ဖွဲ့စည်းဆောင်ရွက်နေမှုတို့ကိုလည်း ခင်းကျင်းပြသထားပါသည်။ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများတွင် ကုန်ကြမ်းများ လုံလုံလောက်လောက်ရရှိရန် လိုအပ်ပါသည်။ ပြည်တွင်းကုန်ကြမ်းများအပေါ် အားထားမှီခိုထုတ်လုပ်နိုင်ရမည်။ နိုင်ငံတော်အကြီးအကဲကလည်း MSME ကုန်ကြမ်းရယူအသုံးပြုမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း မိန့်ကြားခဲ့သည် -
“MSME လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်လေးခုမှာ ကုန်ကြမ်း၊ ရင်းနှီးမြှုပ်နှံမှု၊ သွင်းအားစုနှင့် လူသားအရင်းအမြစ်များဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အသုံးပြုပြီး အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်း (MSME)များတွင် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်၍ ဒေသတွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း”
MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်းရရှိရေးကို ဖြည့်ဆည်းပေးသည့်အနေဖြင့် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိသည့် ချည်ကုန်ကြမ်းများ၊ လေးသံနှင့် Aluminum Alloy များ ရောင်းချပေးလျက်ရှိသည်။
ဝန်ဆောင်မှုပေးခြင်းနှင့် ထုတ်ကုန်များပြသခြင်း
၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ SME လုပ်ငန်းရှင်များအား SME Member Card/ ယာယီမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိရာ ပြပွဲကာလအတွင်း ချက်ချင်းဝန်ဆောင်မှုပေးခြင်း အစီအစဉ်ဖြင့် လုပ်ငန်းရှင် ၂၀ ကို SME Member Card/ ယာယီ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပါသည်။ စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံများမှ ထုတ်လုပ်လျက်ရှိသော လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို ခင်းကျင်းပြသရာတွင်လည်း အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းမှကြွေထည်အသုံး အဆောင်ပစ္စည်းကိုးမျိုး၊ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းမှ ချည်လုံးများ၊ အဝတ်အထည်နှင့်အသုံးအဆောင်ပစ္စည်း ၂၅ မျိုး၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သည့် စားဆေး၊ ထိုးဆေး၊ မြွေဆိပ်ဖြေဆေးနှင့် ကာကွယ်ဆေးများအပါအဝင် ဆေးဝါးအမျိုးအစားပေါင်း ၁၁၆ မျိုးတို့ကိုခင်းကျင်း ပြသထားပါသည်။ ထို့ပြင်ဆေးဝါးအမယ်သစ် ထုတ်လုပ်သည့် သုတေသနပြုတီထွင်မှုလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကိုလည်း ပြသထားကြောင်း သိရသည်။
MSME ချေးငွေလျှောက်ထားခြင်းလုပ်ငန်း
MSME လုပ်ငန်းရှင်တစ်ဦးကဖြစ်စေ၊ သို့တည်း မဟုတ် MSME လုပ်ငန်းများကို စိတ်ပါဝင်စားပြီး လုပ်ငန်းစတင်ဆောင်ရွက်လိုသူကဖြစ်စေ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် MSME ချေးငွေများ လျှောက်ထားလာပါက ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း၊ လက်ကား ရောင်းဝယ်ရေးလုပ်ငန်း၊ လက်လီရောင်းဝယ်ရေး လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ အခြားလုပ်ငန်း စသည်ဖြင့် လုပ်ငန်းအမျိုးအစားအလိုက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးရပါသည်။
ထိုသို့ စစ်ဆေးတွေ့ရှိချက်များအပေါ် အခြေခံပြီး အသေးစား၊ အငယ်စား၊ အလတ်စားဟူ၍ ခွဲခြားသတ်မှတ်ကာ အသေးစားလုပ်ငန်းအတွက် ကျပ် ၁၀ သန်း၊ အငယ်စားလုပ်ငန်းအတွက် ကျပ် သန်း ၅၀၊ အလတ်စားလုပ်ငန်းဆိုလျှင် ကျပ်သန်း ၁၀၀ သတ်မှတ်ထုတ်ချေးပေးပါသည်။ MSME ချေးငွေလျှောက်ထားမည့် လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာရရှိရေးအတွက် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးနေပါသည်။ လျှောက်ထားသူသည် ချေးငွေလျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများကို တင်ပြလျှောက်ထားရပါမည် -
(က) MSME ချေးငွေအဆိုပြုလွှာ
(ခ) သက်တမ်းရှိ SME Member Card (သို့မဟုတ်) ယာယီမှတ်ပုံတင်လက်မှတ်
(ဂ) သက်တမ်းရှိ လုပ်ငန်းမှတ်ပုံတင်/ လိုင်စင်များ
(ဃ) ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံ တင်လက်မှတ် (မိတ္တူ)၊ ဒါရိုက်တာများ စာရင်း၊ ရှယ်ယာစာရင်း၊ အစည်းအဝေးမှတ်တမ်း
(င) ချေးငွေလျှောက်ထားသူ အမည်ပေါက် အာမခံပိုင်ဆိုင်မှု အထောက်အထား (ဘိုးဘွားပိုင်မြေ၊ မြေဂရန်၊ လန (၃၉)၊ (၃)(ခ)၊ လယ(၃၀)(က)(ခ)
(စ) MSME လုပ်ငန်းရှင်များ၏ လိုင်စင်ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူ
(ဆ) လုပ်ငန်းသမိုင်းကြောင်းအကျဉ်းချုပ်
(ဇ) ချေးငွေလျှောက်ထားသည့် လုပ်ငန်းဖြင့် အခြားဘဏ်၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများမှ ချေးငွေထုတ်ချေးထားခြင်း မရှိကြောင်း ဝန်ခံကတိပြုလွှာ
(ဈ) ချေးငွေအသုံးပြုမည့်အစီအစဉ်
(ဆက်လက်ဖော်ပြပါမည်)
