Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ

မောင်တည်ကြည်

မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာ ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့ပါတယ်။ မိမိတို့နိုင်ငံဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ ကွန်ဗင်းရှင်းမှာပါတဲ့ ရည်ရွယ်ချက်တွေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၃ ခုနှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ကော်မရှင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ရည်ရွယ်ချက်တွေကို ပိုမိုထိရောက် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို အမြဲသုံးသပ်နေပြီး ပဉ္စမအကြိမ်ထိ ပြင်ဆင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။

အဂတိလိုက်စားမှုဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးဖြစ်စေခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အဟန့်အတားဖြစ်စေခြင်း၊ စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်တိုးမြင့်စေခြင်း၊ အရင်းအမြစ်ခွဲဝေသုံးစွဲမှုမှာ မမှန်မကန်ဖြစ်စေခြင်း၊ ဆင်းရဲနွမ်းပါးမှုတိုးပွားစေခြင်း၊ အများပြည်သူရဲ့ ယုံကြည်မှုပျက်ယွင်းစေခြင်း၊ နိုင်ငံတော်ရဲ့ ပုံရိပ်ကျဆင်းစေခြင်း၊ နိုင်ငံရဲ့စီးပွားရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ အဓိကအဟန့်အတားတစ်ခုဖြစ်ခြင်း စတဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။

နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ဖို့အတွက်အစိုးရဌာန/ အဖွဲ့အစည်းတွေရဲ့ ရိုးသားဖြောင့်မတ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကြိုတင်ခန့်မှန်းနိုင်မှု မြင့်မားလာရေးဟာ လွန်စွာအရေးကြီးသလို စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါတဲ့ မောင်းနှင်အားတစ်ရပ် ဖြစ်ပါတယ်။

 

ဒါကြောင့် ကော်မရှင်ဟာ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အဂတိလိုက်စားမှုတွေကို အောင်မြင်စွာ တိုက်ဖျက်နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနဲ့ အသိပညာပေးခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း၊ အဂတိလိုက်စားမှုကျူးလွန်သူကို ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးအရေးယူခြင်း၊ အဂတိလိုက်စားမှုကြောင့် ရရှိတဲ့ငွေကြေးနဲ့ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံ့ဘဏ္ဍာ ပြန်လည်ပေးသွင်းခြင်းနဲ့ နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးမှုမရှိစေဖို့ ကာကွယ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၉-၁၂-၂၀၂၄ ရက်နေ့တွင် ပြုလုပ်သည့်(၂၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ (၂၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့တဲ့မိန့်ခွန်းမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့စပ်လျဉ်းလို့ ကောက်နုတ်ချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ် -

“အဂတိလိုက်စားမှုဟာ လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေပြီး ကောင်းမွန်တဲ့ လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ မကောင်းမှုဒုစရိုက်တစ်ခုပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတွေကြောင့် လူ့ဘောင်လောကမှာ တရားမျှတမှုပျောက်ကွယ်ပြီး နိုင်ငံတော်နဲ့ အများပြည်သူကို ထိခိုက်စေပါတယ်။ ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေရုံသာမက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေနိုင်တယ်လို့ ကမ္ဘာတစ်ဝန်းက မှတ်ယူကြပါတယ်။ လက်တွေ့မှာလည်း ဒီအယူအဆဟာ မှန်ကန်နေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ဦးတည်ချက်တွေ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာန/အဖွဲ့အစည်းများအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းတွေမှာ မိမိတို့ကျရာ ကဏ္ဍကနေ တိတိကျကျ ကြပ်ကြပ်မတ်မတ် ပါဝင်ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများနဲ့ အများပြည်သူအားလုံးတို့ကလည်း တက်ကြွစွာ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြမှသာ အဂတိလိုက်စားမှုတွေ လျော့နည်းပပျောက်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

“အဂတိလိုက်စားမှုနဲ့ ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ အတိအကျထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒါ့ကြောင့်အဂတိလိုက်စားမှု ကျုးလွန်သူတွေကို တရားစွဲဆိုအရေးယူရုံသာမက အဂတိလိုက်စားမှုကြောင့် ကြွယ်ဝချမ်းသာလာတဲ့ ငွေကြေးနဲ့ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ဥပဒေနဲ့အညီ တိတိကျကျ ထိရောက်အောင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း”

“အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ခက်မ(၃)ဖြာဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေကို ဂုဏ်သိက္ခာရှိရှိနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အရည်အချင်းပြည့်မီပြီး ဖြောင့်မတ်တည်ကြည်မှုရှိတဲ့ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အဂတိလိုက်စားမှုကင်းစင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့အတွက် အထောက် အပံ့ပေးနိုင်မယ့် အခြေခံဖြစ်တဲ့ နိုင်ငံ့ဝန်ထမ်း ကောင်းတွေကတစ်ဆင့် သန့်ရှင်းတဲ့အစိုးရနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်လာ နိုင်မှာ ဖြစ်ပါတယ်။”

အသိပညာပေးခြင်းကဏ္ဍ

ကော်မရှင်ရဲ့ အသိပညာပေးဆောင်ရွက်မှုကဏ္ဍမှာ နိုင်ငံ့ဝန်ထမ်းတွေသာမက ပုဂ္ဂလိကကဏ္ဍနဲ့ ပညာရေးနယ်ပယ်တွေမှာပါ အလေးထားဆောင်ရွက်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွေနဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တို့မှာ ဖွင့်လှစ်တဲ့သင်တန်း ၃၅ ခုမှာ သင်တန်းသား ၂၀၉၀ ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုကို ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေနဲ့ ကော်မရှင်ရုံးအရာထမ်းတွေက ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ပညာရေးဝန်ကြီးဌာန အခြေခံပညာအထက်တန်းကျောင်း တွေမှာ ဖွင့်လှစ်တဲ့ နွေရာသီကျောင်းပိတ်ရက်ဆရာ ဆရာမများ မွမ်းမံသင်တန်းတွေမှာ ဆရာ ဆရာမ ၁၃၅၇၂ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာတွေ တိုးပွားလာစေဖို့နဲ့ ကျောင်းသားလူငယ်တွေ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးကို စာသင်ခန်းတွေကနေ စတင်နိုင်ဖို့ ရည်ရွယ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း တွေကို ဆောင်ရွက်ခဲ့တာ တွေ့ရှိရပါတယ်။

အလားတူ ကျောင်းသားလူငယ်တွေထဲမှာ ဖြောင့်မတ်တည်ကြည်မှုရှိတဲ့ အသိုက်အဝန်း တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး Edutainment အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေနဲ့ ကော်မရှင်ရုံးခွဲများတည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာကျောင်း ၈၅ ကျောင်းမှ မူလတန်းနဲ့ အလယ်တန်း ကျောင်းသား ကျောင်းသူ ၂၇၈၃၆ ဦးကို ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများ သင်ကြားပို့ချနိုင်ခဲ့ပါတယ်။ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု”နှင့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွေကို ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ အထက်တန်းကျောင်း၊ ကောလိပ်/တက္ကသိုလ် စုစုပေါင်းကျောင်း ၂၀ မှ ကျောင်းသား ကျောင်းသူ ၅၅၅၈ ဦးတို့နဲ့ လူငယ်စကားဝိုင်းတွေ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကကဏ္ဍအတွင်း အဂတိလိုက်စားမှုဆိုင်ရာ တားဆီးကာကွယ်ရေးအသိပညာပေးမှုအနေနဲ့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၅၁၄ ဦးကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ အသိပညာပေးခြင်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်စေဖို့နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာဗဟုသုတတွေကို အများပြည်သူ ပိုမိုသိရှိနိုင်စေဖို့ရည်ရွယ်ပြီး ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်အဖြစ် ရုပ်ပြသရုပ်ဖော်တေးသီချင်း သုံးပုဒ်နဲ့ ဇာတ်လမ်းတို ၁၂ ပုဒ်တို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားနဲ့ပူးပေါင်းထုတ်လွှင့်ပြသလျက်ရှိပါတယ်။

ကော်မရှင်ဟာ လျှို့ဝှက်ထိန်းသိမ်းရမယ့် သတင်းအချက်အလက်တွေမှအပကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဆောင်ရွက်ချက်တွေကို အများပြည်သူ အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်စေဖို့နဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာတွေ တိုးမြင့်လာစေဖို့ ရည်ရွယ်ပြီး ကော်မရှင်ရဲ့ ACC Myanmar Facebook Page, Website (http://www.accm.gov.mm)နဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ကော်မရှင်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်တွေနဲ့ စပ်လျဉ်းတဲ့ သတင်းအပုဒ် ၁၂၀ ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဘာလီမြို့မှာ ကျင်းပတဲ့ အကြိမ် (၂၀)မြောက် ASEAN-PAC အကြီးအမှူးများ အစည်းအဝေးရဲ့ဆက်စပ် Event အဖြစ် ဆောင်ရွက်တဲ့ Corruption Eradication Commi-ssion (KPK)က ကြီးမှူးကျင်းပတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရုပ်ရှင်ပွဲတော် (Anti-Corruption Film Festival- ACFFEST 2024)မှာ ကော်မရှင်က ရိုက်ကူးထားတဲ့ “ကျင့်ဝတ်လိုက်နာကြပါစို့” ဇာတ်လမ်းတိုကို ပါဝင်ပြသနိုင်ခဲ့ပါတယ်။

ပြည်သူလူထုနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ အသိပညာနဲ့ ဗဟုသုတတွေ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့မှုတွေကတော့-

(ဆက်လက်ဖော်ပြပါမည်)