လာရောက်လေ့လာစေချင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တစ်ခွင်
သီသီသောင်း
မြန်မာနိုင်ငံ၌ အမျိုးသားပြတိုက်၊ ရှေးဟောင်း သုတေသနပြတိုက်၊ တိုင်းရင်းသား ယဉ်ကျေးမှုပြတိုက်၊ ကျောက်မျက်ပြတိုက်၊ မီးသတ်ပြတိုက်၊ ဘုရားပြတိုက်စသည်ဖြင့် ပြတိုက်အမျိုး အစားများစွာရှိသည့်အနက်မှ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်သည် အထိမ်းအမှတ်ပြတိုက် (Memorial Museum) အမျိုးအစားတွင် ပါဝင်ပါသည်။
အထိမ်းအမှတ် ပြတိုက်ဟူသည် သမိုင်းကြောင်းတွင် ထူးခြားထင်ရှားသည့် လူပုဂ္ဂိုလ်၊ သမိုင်းဝင်ဖြစ်ရပ် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်၊ နေရာ၊ အဆောက်အအုံကို အများပြည်သူတို့ အမြဲအမှတ်ရနိုင်စေရန်၊ ပြည်သူလူထုအား အသိပညာပေးနိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်းပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် သည်ကား မြန်မာနိုင်ငံ၏လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့အထိ နေထိုင်ခဲ့သည့်နေအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသဖွင့်လှစ်ထားခြင်းပင် ဖြစ်ပါသည်။
အားလပ်ရက် နေ့တစ်နေ့တွင် ကျွန်မတို့မိသားစုသည် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို သွားရောက် လေ့လာဖြစ်ကြပါသည်။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်သည် အမှတ်(၂၅) ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင် တာဝါ လိန်းလမ်း) ဗိုလ်ချို(၁) ရပ်ကွက် ဗဟန်းမြို့နယ်တွင် တည်ရှိပါသည်။ ယခင်က တာဝါလိန်းလမ်း (Tower Lane)ဟု အမည်ခေါ်တွင်ရခြင်းမှာ တောင်ကုန်း မြင့်ပေါ်တွင် မြင့်မြင့်မားမားတည်ရှိနေသည့် ဗိုလ်ချုပ်အိမ်၏ ထိပ်ပိုင်းမျှော်စင် (Tower) ပုံစံကို အစွဲပြု၍ ခေါ်တွင် ခြင်း ဖြစ်ပါသည်။ ခြံဝင်းအကျယ်မှာ ၂ ဒသမ ၄၂၃ ဧက အကျယ်အဝန်းရှိ၍ ဘဲဥပုံသဏ္ဌာန် (Oval shape) ဖြစ်ပြီး ဗိုလ်ချုပ်၏ နေအိမ်အဆောက်အအုံကို ၁၈ ပေမြင့်သည့် တောင်ကုန်းပေါ်တွင် တောင်ဘက်သို့ မျက်နှာစာပြုကာ တည်ဆောက်ထားပါသည်။ ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ထားသည့် အနောက်တိုင်း ဗိသုကာပုံစံ (Victorian Architec-tural Design) ပုံစံ လှပသည့်အိမ်လေးပင် ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို မလေ့လာမီ ဗဟုသုတရစေရန်အလို့ငှာ ပြတိုက်၏ နောက်ခံသမိုင်းအား အကျဉ်း ချုံ့ဖော်ပြရသော် -
ဗိုလ်ချုပ်အောင်ဆန်းသည် ဤအိမ်၌ မိသားစုနှင့်အတူ ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ ငှားရမ်းနေထိုင်ခဲ့ပြီး ဗိုလ်ချုပ်ကျဆုံး ပြီး နောက်ပိုင်း ၁၉၄၈ ခုနှစ် ဇူလိုင် ၈ ရက် တွင် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် ရန်ပုံငွေဖြင့် အမှုဆောင်အဖွဲ့သည် ပိုင်ရှင်ထံမှ ငွေကျပ်သုံးသောင်းပေးချေ၍ စာချုပ်စာတမ်းဖြင့် အပြီးအပိုင်ဝယ်ယူကာ ကျန်ရစ်သူမိသားစုများ ဆက်လက်နေထိုင် ခဲ့ကြပါသည်။
ဗိုလ်ချုပ်ကွယ်လွန်ပြီး ကျန်ရစ်သူ မိသားစု ဆက်လက်နေထိုင်ခဲ့ရာမှ ၁၉၅၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ အသက် ၈ နှစ်အရွယ် ဒုတိယသား အောင်ဆန်းလင်းသည် နေအိမ်ခြံဝင်း၏ အရှေ့တောင်ဘက်ရှိ ရေကန်တွင် ရေနစ်သေဆုံးသွားခဲ့ပါသည်။ ထို့နောက်ပိုင်း ဗိုလ်ချုပ်မိသားစုများ သည် အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကာ ဤအိမ်ကြီး၌ မည်သူမျှ ဆက်လက်နေထိုင်ခြင်း မရှိတော့ပါ။
အများပြည်သူ ကြည့်ရှုနိုင်ရေးဖွင့်လှစ်
ထို့ကြောင့် ဗိုလ်ချုပ်နေထိုင်ခဲ့သည့်နေအိမ်ကို အထိမ်းအမှတ်ပြတိုက်အဖြစ် ဖွင့်လှစ်နိုင်ရေးအတွက် ၁၉၅၅ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးဝန် ဦးသာမြတ်၊ ယဉ်ကျေးမှုဝန်ကြီးဌာန အကြံပေး အရာရှိ Dr. Nibarran Rays၊ အမျိုးသားပြတိုက် ပြတိုက်မှူးကြီး ဒေါ်ညွန့်ဟန်နှင့် အဖွဲ့ဝင်များက လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ကြ ပြီး အများပြည်သူ ကြည့်ရှုနိုင်ရေးအတွက် အထိမ်းအမှတ်ပြတိုက်အဖြစ် ဖွင့်လှစ်နိုင်ရန် ကြိုးစားစီစဉ်ဆောင် ရွက်ခဲ့ကြပါသည်။
ပုံစံမပျက် နေရာချထား
၁၉၅၇ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ထံမှ အထိမ်းအမှတ်ပြတိုက် ဖွင့်လှစ်ပြသ နိုင်ရန်အတွက် ပရိဘောဂပစ္စည်း ၅၃ မျိုး၊ အသုံးအဆောင်ပစ္စည်း ၉၁ မျိုးကို ပြတိုက်ပစ္စည်းများအဖြစ် ဝယ်ယူ စုဆောင်းရရှိခဲ့ပါသည်။ ၎င်းတို့ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် ကားနံပါတ် RC 2874 Wolseley အမျိုးအစားကားကို တန်ဖိုး ၁၀၀၀၀ ကျပ်၊ ဗိုလ်ချုပ် အသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် Phillip Radio ကို တန်ဖိုး ၇၀၀ ကျပ် အပါအဝင် ဝယ်ယူစုဆောင်းရရှိသော ပစ္စည်းများ၏ တန်ဖိုးမှာ ၂၂၈၂၂ ကျပ် ဖြစ်ပါသည်။ ၎င်းပြသပစ္စည်းများကို ဗိုလ်ချုပ်ကတော်ကိုယ်တိုင် လာရောက် ပြီး မိသားစုနှင့်အတူ နေထိုင်ခဲ့စဉ်က အတိုင်း ပုံစံမပျက် နေရာချထား ခင်းကျင်းပေးခဲ့ကြောင်း သိရှိရပါ သည်။
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို စတင်လေ့လာရသော် ဝင်ဝင်ချင်းပြတိုက် အဝ၌ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဆိုင်းဘုတ်ကို တွေ့မြင်ရပါသည်။ ပြတိုက် အဝင်ဘယ်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် ကားနံပါတ်(RC-2874) Wolseley အမျိုးအစားကားကို ကားရုံအတွင်း မှန်များကာရံကာ ပြသထားပါသည်။ ပြသထားသည့် ကားရှေ့တွင် ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၆ ရက် ဘုရင်ခံကောင်စီမှ ဒုတိယသဘာပတိ ရာထူးလက်ခံပြီး နောက် ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။ ဂျစ်ကားနံပါတ် (၆၆) အစား ၁၉၄၇ ခုနှစ် ဇန်နဝါရီလ လကုန်ပိုင်းတွင် လက်ခံခဲ့ပြီး ဗိုလ်ချုပ်မကျဆုံးမီ ၁၉ ဇူလိုင် ၁၉၄၇ ခုနှစ်အထိ အသုံးပြုခဲ့သည်ဟု မှတ်သား ရပါသည်။ ဗိုလ်ချုပ်စီးခဲ့သောကားကို လေ့လာပြီးနောက် ကျွန်မသည် ဗိုလ်ချုပ်မကျဆုံးမီ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ် ကာလကထိုကားကို အသုံးပြုပြီး အစည်း အဝေးများတက်ရောက်နေမည့် ပုံများကို တွေးဆမြင်ယောင်မိပါသည်။
ကားရုံအတွင်းမှ ထွက်လာလျှင် ကုန်းမြင့်မြင့်ပေါ်တွင် တည်ဆောက်ထား သည့် ဗိုလ်ချုပ်အိမ်သို့ တက်ရောက်ရာ ကွန်ကရစ်လမ်းတစ်လျှောက် ဘေးဘက် ရှိ မြေထိန်းနံရံ၊ အပင်မြင့်ကြီးများကို ငေးမောရင်း တဖြည်းဖြည်းတက်လာရာ အိမ်အပေါ်ထပ် တာဝါပုံစံခေါင်မိုးချွန်လေး နှင့် လမ်းတစ်လျှောက် ခြံဝင်းအတွင်း မြေယာအလှရှုခင်း၊ ရွှေကြက်ယက်ဘုရား ရှုခင်းများနှင့် မိသားစုအမှတ်တရဓာတ်ပုံ ရိုက်ရင်း ဗိုလ်ချုပ်အိမ်သို့ တက်လှမ်းသော လှေကားထစ်သို့ ရောက်ရှိလာပါသည်။
ချိတ်ဆွဲပြသထား
ထို့နောက် ဗိုလ်ချုပ်အိမ်ပေါ်သို့ လှေကားထစ်များမှ တဖြည်းဖြည်းတက် ရောက်လာရာ လှေကားထိပ် အိမ်အဝတွင် ဗိုလ်ချုပ်နေထိုင်သည့် အိမ်အကြောင်း ရှင်းလင်းချက် စာသားဆိုင်းဘုတ်ကို တွေ့မြင်ရပါသည်။ ဗိုလ်ချုပ်ပြတိုက်သည် နှစ်ထပ်အဆောက်အအုံဖြစ်သည်နှင့်အညီ အပေါ်ထပ်ပန္နက်ပုံ၊ အောက်ထပ် ပန္နက်ပုံများကို ချိတ်ဆွဲပြသထားသည်ကို တွေ့ရှိရပါသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်မှုအတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ လာရောက်လေ့လာကြသည့် ဧည့်သည်တော်များ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာတွင် Social Distancing သတ်မှတ်ထားသည့် ခြေလှမ်းပုံစတစ်ကာများအတိုင်း ဝင်ရောက်လေ့လာနိုင်ရန် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စီမံလုပ်ဆောင်ထားသည်ကို တွေ့ရှိရပါသည်။
အုတ်လှေကားထိပ်တွင် လက်မှတ် ရောင်းကောင်တာထားရှိပြီး နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၊ ပြည်တွင်းအခမဲ့ ဟု သိရှိရပါသည်။ ပြတိုက်ဖွင့်ရက်မှာ အင်္ဂါ နေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ လေးနာရီအထိ ဖွင့်လှစ်ပြသပြီး တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက် များတွင် ပြတိုက်ပိတ်ပါသည်။
စင်္ကြံ၏ညာဘက်တွင် ဗိုလ်ချုပ် အောင်ဆန်းနေထိုင်သွားခဲ့သော အိမ်ရှင်း လင်းချက်ဆိုင်းဘုတ်ကို တွေ့ရသောအခါ “ဪ ဗိုလ်ချုပ်ဒီအိမ်မှာ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဇူလိုင်လ မကျဆုံးခင်အထိ နေထိုင်သွားတဲ့ အိမ်လေး” ဟု သားနှင့်သမီး ကို ရှင်းပြခဲ့ပါသည်။ သမီးက “မေမေ ဒီအိမ်မှာ ဗိုလ်ချုပ်က အကြာကြီးမနေလိုက် ရဘူးနော်”တဲ့၊ “ဟုတ်တယ်သမီး ဒီအိမ်မှာ ဗိုလ်ချုပ် နှစ်နှစ်ကျော်လောက်ပဲ နေလိုက်ရတာ” ဟု စိတ်မကောင်းစွာပြောမိပါ သည်။
အချို့စာအုပ်များတွင် ဗိုလ်ချုပ် အောင်ဆန်း မိသားစုများသည် ဤအိမ် ကြီး၌ ၁၉၄၅ ခုနှစ် မေ ၁၇ ရက်မှ စတင် နေထိုင်ခဲ့ကြသည်ဟု သိရှိရပါသည်။ မြန်မာ့ရက်စဉ် သမိုင်းစာအုပ်ထဲတွင် ဖော်ပြထားသည်မှာ ၁၉၄၅ ခုနှစ် မတ် ၁ ရက်မှ ၃ ရက်အထိ ဖက်ဆစ်တိုက် ဖျက်ရေးနှင့် ပြည်သူ့အဖွဲ့ချုပ်ခေါင်းဆောင် အစည်းအဝေးကိုလည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗမာ့တပ်မတော် ခေါင်းဆောင်အရာရှိကြီးများ အစည်းအဝေး များ၊ နိုင်ငံရေး အထူးအစည်းအဝေးပွဲ များ၊ သတင်းစာဆရာများနှင့် ဖိတ်ခေါ် ဆွေးနွေးမှု အစည်းအဝေးများ၊ ယင်းအချိန်က မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် လာရောက်တွေ့ဆုံ ဆွေးနွေးမှုများကို ဤအိမ်ကြီး၌ပင် ၁၉၄၅ ခုနှစ် မတ်လမှစတင်၍ ပြုလုပ်ခဲ့ကြသည်ကို သိရှိရပါသည်။
ပြတိုက်ထဲသို့ ဝင်ရောက်လေ့လာ သောအခါ ထမင်းစားခန်းသို့ ရောက်ရှိပါ သည်။ ထမင်းစားခန်း၏ အရှေ့ဘက်နံရံ ဘေးတွင် ကျွန်းဗီရိုတစ်လုံးပြသထားပြီး ၎င်းအပေါ်တွင် ကြည့်မှန်တစ်ချပ်တွေ့ရှိ ရပါသည်။ ထမင်းစားခန်းအလယ်တွင် ဘုံဘေဘားမား ကုမ္ပဏီတံဆိပ်ပါ ကျွန်းထမင်းစားပွဲခုံအရှည် တစ်လုံးနှင့် ကုလားထိုင် ၁၀ လုံးအား ခင်းကျင်းပြသထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သားအကြီး အောင်ဆန်းဦး၊ သားလတ် အောင်ဆန်းလင်းတို့သုံးဦး၏ ထိုင်ခုံသုံးလုံးသည် စားပွဲထိပ်ပိုင်းတွင်ရှိပြီးစားပွဲ၏ အခြားထိပ်တစ်ဖက်တွင် ဒေါ်ခင်ကြည်နှင့် သမီးဖြစ်သူတို့၏ ထိုင်ခုံများ ခင်းကျင်းထားပါသည်။ ထိုကျွန်းစားပွဲပေါ်တွင် ပဲပြုတ်၊နံပြားပုံစံတူနှင့် “ကြည်ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်’’ ဟု ရေးထားသည့် ဗိုလ်ချုပ်လက်ရေးမူကို သရုပ်ဖော်ခင်းကျင်း ပြသထားပါသည်။
ထုတ်ဝေခဲ့သည့် သတင်းစာများ စနစ်တကျထားရှိ
စာရေးသူ ဗိုလ်ချုပ်ပြတိုက်တွင် ပြတိုက်မှူးတာဝန်ကျစဉ်က ပြသပစ္စည်းများ တစ်ခုချင်း စနစ်တကျမှတ်တမ်းပြုစု၍ တိုက်ပိုင်စာရင်းသွင်းခြင်း၊ သုတေသနပြုစုခြင်းများ ပြုလုပ်ခဲ့ရာ ၎င်းပန်းကန်ဗီရိုအတွင်းတွင် ငွေခက်ရင်း၊ ငွေဇွန်းများနှင့် ပန်းကန်ခွက်ယောက် များထားရှိပြီး အချို့ပန်းကန်များမှာ Made in England (Griadley) တံဆိပ်နှင့် (Rozar) တံဆိပ်များကို တွေ့ရှိရပါသည်။ ထို့အပြင် ဗိုလ်ချုပ်ကတော်က ပန်းကန် ပြားတစ်ချပ်နှင့် တစ်ချပ်ကြားတွင် ၁၉၅၆-၁၉၅၇ ခုနှစ်က ထုတ်ဝေခဲ့သည့် သတင်းစာများဖြင့် စနစ်တကျထားရှိ သည်ကိုတွေ့ရှိရပါသည်။ သတင်းစာများတွင် ထိုခေတ်၏သတင်းများ၊ ကာတွန်းများကို ဖတ်ရှုရခြင်းကြောင့် ၁၉၅၆-၁၉၅၇ ခုနှစ်ကာလက သတင်းအခြေ အနေများကိုလည်း တစ်လက်စတည်းသိရှိခွင့် ရခဲ့ပါသည်။
ဆက်လက်လေ့လာခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း၏ငယ်ဘဝ၊ ကျောင်းသား ဘဝ၊ မိသားစုဘဝ၊ နိုင်ငံရေးဘဝတို့ကို မှတ်တမ်းဓာတ်ပုံနှင့်တကွ ရှင်းလင်းဖော်ပြထားပါသည်။ အောက်ထပ် ဧည့်ခန်းတွင် ဗိုလ်ချုပ်တို့ အသုံးပြုခဲ့သည့် ဆိုဖာဆက်တီများကို ခင်းကျင်းပြသ ထားပါသည်။ ဆက်တီမှာ မူလဆက်တီ ဖြစ်ပြီး ကူရှင်များကိုတော့ ပြန်လည် ပြုပြင်ထားသည်ဟု သိရပါသည်။ အင်္ဂလန်နိုင်ငံထုတ် Phillip Radio ကို လည်း အသုံးပြုခဲ့သည့် မီးပလပ်ကြိုးနှင့်တွဲ၍ ပြသထားပါသည်။ ဗိုလ်ချုပ် အောင်ဆန်း လောင်းကုတ်ဝတ်ဆင် ထားသည့် မတ်တတ်ရပ်နေပုံနှင့် ၎င်းပုံကို နောက်ခံထား၍ ဗိုလ်ချုပ်ကတော်၊ သားဦးနှင့် ဒုတိယသားတို့သုံးဦး၏ ပုံများအား ခင်းကျင်းပြသထားပါသည်။ ဆီလီကွန်ဖြင့် ပြုလုပ်ထားသော ဗိုလ်ချုပ်အောင်ဆန်း စာဖတ်နေဟန် ရုပ်တုမှာလည်း အသက်ဝင်လှပေသည်။
ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ လွတ်လပ်ရေးအတွက် အရေးဆိုရန် အင်္ဂလန်နိုင်ငံသို့အသွား အိန္ဒိယနိုင်ငံတွင် အိန္ဒိယဝန်ကြီးချုပ် မစ္စတာနေရူး ပေးအပ် ခဲ့သည့် သက္ကလပ်လောင်းကုတ်ကြီးကို လည်း ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းမှုများ(Conservation) ပြုလုပ် ပြီး မှန်ဗီရိုအတွင်း၌ ပြသထားပါသည်။
အပေါ်ထပ်သို့တက်ရာ လှေကား ခြေရင်းတွင် ဂျူးလူမျိုးတို့၏ အထိမ်း အမှတ်တံဆိပ်ကို တွေ့ရှိရပြီး လှေကား ထိပ်များတွင်လည်း ဘုရားကျောင်း ပုံစံများထည့်သွင်းပြုလုပ်ထားသည့် ဗိသုကာလက်ရာကိုလည်း လေ့လာတွေ့ရှိရပါသည်။ လှေကားအတက် ထိပ်ပိုင်းတွင် မီးအိမ်ချိတ်ဆွဲရန်အတွက် ထိုခေတ်၏ Original သံချိတ်ကိုလည်း တွေ့ရှိရပါသည်။
အပေါ်ထပ် လှေကားထိပ်၏ ဘယ်ဘက်ခြမ်းရှိ ဗိုလ်ချုပ်တို့ဇနီးမောင်နှံ အိပ်ခန်းသို့ ဝင်ရောက်လေ့လာသော် နှစ်ယောက်အိပ် ကျွန်းခုတင်၊ အဝတ် အစားထည့်သည့် ကျွန်းဗီရိုကြီးများနှင့် မှန်တင်ခုံတို့ကို တွေ့ရှိရပါသည်။ ကျွန်းဗီရိုတစ်ခုအတွင်း၌ နိုင်ငံ့အရေးကိစ္စ အတွက် ဗိုလ်ချုပ် အရေးပေါ်ခရီးထွက်လျှင် အဆင်သင့်ယူဆောင်သွားနိုင်မည့် သားရေသေတ္တာ တစ်လုံးကို တွေ့ရှိရပါသည်။ ထိုသားရေသေတ္တာအတွင်း၌ စစ်ဝတ်စုံများ၊ ပိုးအင်္ကျီ၊ ပိုးပုဆိုး၊ စောင်၊ အင်္ကျီ၊ ပုဆိုး၊ စွပ်ကျယ်လက်တို၊ လက်စက၊ အတွင်းခံဘောင်းဘီတို၊ လက်ကိုင်ပုဝါတို့ကို ထည့်ထားသည်ကို တွေ့ရှိရပါသည်။ ထိုအင်္ကျီ ဘောင်းဘီများတွင် A.S ဟု အတိုကောက်စာလုံးများ ရေးထိုးထားသည်ကို တွေ့ရှိရခြင်းဖြင့် ဗိုလ်ချုပ်ကတော်၏ အိမ်ထောင်ရှင်မ ပီသမှုကို မှန်းဆမိပါသည်။
နောက်ထပ် မှန်ဗီရိုတစ်ခုထဲ၌လည်း ဗိုလ်ချုပ်၏ ညဝတ်အင်္ကျီနှင့် ဘောင်းဘီ များ၊ စစ်ဝတ်စုံများ၊ အင်္ကျီ၊ ပုဆိုး၊ စွပ်ကျယ်လက်တို၊ လက်စက၊ အတွင်းခံဘောင်းဘီတိုများနှင့် အသုံးအဆောင် ပစ္စည်းများ ပြသထားသည်ကို တွေ့ရှိရပါသည်။
အိပ်ခန်းအတွင်းတွင် ဘုရားဆောင်ကို တက်သည့်လှေကားရှိသည်ကို တွေ့ရပါသည်။ ထိုလှေကားမှတစ်ဆင့် အိမ်၏ ထိပ်ပိုင်းမျှော်စင်နေရာရှိ ဘုရားဆောင်တွင် ပြတင်းပေါက်နှစ်ခုပါရှိပြီး တစ်ခု မှကြည့်သော် ရွှေတိဂုံဘုရားမြင်ကွင်း၊ နောက်တစ်ခုမှကြည့်သော် ရွှေကြက်ယက်ဘုရားမြင်ကွင်းကို စိတ်ချမ်းမြေ့ ဖွယ် တွေ့ရှိရပါသည်။ ထိုဘုရားခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း နတ်မောက်မြို့မှာ နေထိုင်ခဲ့စဉ်က ကိုးကွယ်ခဲ့သော ဗုဒ္ဓ ဆင်းတုတော်ကိုလည်း ကြည်ညိုဖွယ် ဖူးတွေ့ရပါသည်။ ယခုအခါတွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ သက်တမ်းမှာ လည်း နှစ် ၁၀၀ ကျော်ပြီဖြစ်သောကြောင့် ဘုရားခန်း၏ ရေရှည်ကြံ့ခိုင်မှုကို ထိန်းသိမ်းသည့်အနေဖြင့် ဧည့်သည်များအား တက်ရောက်လေ့လာခွင့်မပြုတော့ပါ။
ဆက်လက်၍ ဗိုလ်ချုပ်စာဖတ်ခန်း တွင် ဗိုလ်ချုပ်အောင်ဆန်းဖတ်ရှုလေ့လာခဲ့သည့် မြန်မာ-အင်္ဂလိပ် စာအုပ်ပေါင်း ၂၄၀ ကျော် ပြသထားရာ အများစုမှာ နိုင်ငံရေးနှင့်ပတ်သက်သည့် အင်္ဂလိပ် စာအုပ်များဖြစ်ပြီး မြန်မာစာအုပ် နှစ်အုပ်သာပါသည်ကို တွေ့ရှိရပါသည်။ စာအုပ်များကို ထုတ်ဝေသည့်နှစ်အလိုက် လေ့လာကြည့်ရာ ၁၈၇၉ ခုနှစ်မှ ထုတ်ဝေခဲ့သော စာအုပ်ပါဝင်သည်ကို တွေ့ရှိရပါသည်။
ထို့အပြင် သမိုင်းကြောင်းဆိုင်ရာ စာအုပ်များနှင့် အခြားဘာသာရပ်အလိုက် စာအုပ်များကိုလည်း တွေ့ရှိရပါသည်။ ဗိုလ်ချုပ်၏စာဖတ်ခန်းကို လေ့လာကြည့်ရင်း အတွေးထဲဝယ် “ဗိုလ်ချုပ် ကျဆုံးခဲ့ချိန်မှာ အသက်က ၃၂ နှစ်၊ ဒီအရွယ်မှာ ဗိုလ်ချုပ်ဖတ်ခဲ့တဲ့ စာအုပ်တွေက ဒီလောက်များနေတယ်၊ အဲဒီထဲ မှာမှ အင်္ဂလိပ်စာအုပ်က အများစုဆိုတော့ ဗိုလ်ချုပ်ရဲ့စာဖတ်အားကို အားကျအတု ယူဖွယ်ပါလားလို့ ယနေ့ခေတ်လူငယ်များကို သိရှိစေချင်လိုက်တာ” ဟူ၍ တွေးတောမိပါသည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသည့်အတိုင်း အနာဂတ်လူငယ်များ တကယ်လိုက်နာကျင့်ကြံ ရမည့် အချက်များကို ဗိုလ်ချုပ်၏စာဖတ် ခန်းမှ မီးမောင်းထိုးပြနေပါသည်။ ထိုစာအုပ်ပေါင်းများစွာ ဖတ်နိုင်ခဲ့လို့လည်း ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရနှင့် ဉာဏ်ရည်ချင်း ယှဉ်နိုင်၊ စကားပြောနိုင်ပြီးတော့ လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝစွာဖြင့် မြန်မာ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ပါလားလို့ တွေးမိပါသည်။
ဆက်လက်လေ့လာရသော် ဗိုလ်ချုပ် ၏ သားသမီးများအိပ်ခန်းသို့ ရောက်ရှိ ပါသည်။ ထိုအခန်းတွင် ဗိုလ်ချုပ် သားသမီးသုံးယောက်၏ ခုတင်သုံးလုံးကို ခင်းကျင်း ပြသထားပါသည်။ စာရေးသူ ဗိုလ်ချုပ်ပြတိုက်၌ ပြတိုက်မှူးတာဝန်ကျ စဉ်က စိန်ပေါလ်ကျောင်းမှာ ဒုတိယတန်း တက်နေသည့် အသက် ရှစ်နှစ်အရွယ် ဗိုလ်ချုပ်၏ ဒုတိယသား အောင်ဆန်းလင်း ၏ စာအုပ်များကို တစ်အုပ်ချင်း လေ့လာ မှတ်သားရင်းမှ ၎င်းရေနစ်သေဆုံးခဲ့သော ၁၉၅၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက် ရက်စွဲဖြင့် ထိုနေ့တွင် စာသင်ကြားခဲ့သည့် မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ် နှစ်အုပ်ကို အမှတ်မထင် တွေ့ရှိလိုက်ရပါသည်။
ထိုစာအုပ်ထဲမှ သူစာသင်ခဲ့သည့်နေ့စွဲနှင့် သူရေနစ်သေဆုံးခဲ့သည့်နေ့ တစ်ရက်တည်းဖြစ်နေသည်ကို တွေ့လိုက်ပြီး စဉ်းစားမိသည်မှာ မနက်ပိုင်းမှာ ကျောင်းတက်စာသင်ခဲ့ပြီး ညနေပိုင်းမှာ ရေနစ်သေဆုံးခဲ့သည်။ သင်ခဲ့သောစာက ရေနစ်သူကို ဘယ်လိုကယ်ရမလဲဆိုသည့် သင်ခန်းစာဖြစ်နေရာ တိုက်ဆိုင်လွန်း လှသောကံတရားကို တွေးမိပြီးအံ့ဩ ဝမ်းနည်းတုန်လှုပ်မိပါသည်။ အင်္ဂလိပ်စာအုပ်တွင် သင်ကြားခဲ့သည့်အကြောင်း အရာအချက်အလက်များကို အများပြည်သူ လေ့လာသိရှိနိုင်ရန်အတွက် အောင်ဆန်းလင်း၏ နောက်ဆုံးလက်ရေး မူနှင့် သူသင်ကြားခဲ့သည့် ထိုခေတ် ဒုတိယတန်းဖတ်စာအုပ်နှင့် ဗလာစာအုပ် ၁၇ အုပ်ကိုလည်း ခင်းကျင်းပြသထားပါ သည်။ ယင်းလက်ရေးမူမှာပါသည့် အကြောင်းအရာနှင့် ဘာသာပြန်ဆိုချက် မှာအောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။
English
“16/1/53
I must always remember when saving a drowning person I must always go at the back and we force because he tried to get hold of every- thing and both, two get drown.”
ဘာသာပြန်ဆိုချက်-
“ရေနစ်တဲ့ လူတစ်ယောက်ကို ကယ်ဆယ်မယ်ဆိုရင် ကျွန်တော်အမြဲ မှတ်ထားရမှာက နောက်ကျောဘက်က နေ ကယ်ရမယ်၊ အားသုံးရမယ်။ ဘာလို့ လဲဆိုရင် သူက ဆွဲမိဆွဲရာ လှမ်းဆွဲမှာ ဖြစ်တဲ့အတွက် နှစ်ယောက်လုံး ရေနစ် သေဆုံးသွားနိုင်လို့ပါပဲ။”
လက်ရေးမူပြသည့်ပြကွက်ဘေးရှိ မှန်ဗီရိုထဲတွင် ဗိုလ်ချုပ်၏ သားသမီးများ ဆော့ကစားခဲ့သည့် ကတ်လေးများကို ပြသထားပါသည်။ ၎င်းကတ်လေးများမှာ ယင်းခေတ်၏ Made in England စီးကရက်ဘူးခွံများနှင့် ပြည်တွင်း စီးကရက်ဘူးခွံများကို ကတ်ကြေးဖြင့် ညှပ်၍ ကလေးများဆော့ကစားနိုင် စေရန် ဖန်တီးပေးထားသည့် ကတ်လေးများပင် ဖြစ်ပါသည်။ ယင်းကတ်လေး များမှာ ASL ၊ L ၊ Suu စသည်ဖြင့် ကလေးများ၏ နာမည်အတိုကောက်ဖြင့် မှတ်သား၍ ခွဲခြားပေးထားသည်ကို တွေ့ရှိရပါသည်။
ထိုမှတစ်ဆင့် အထူးအစည်းအဝေး ခန်းသို့ရောက်ရှိလာရာ ဗိုလ်ချုပ်စာဖတ်သည့် ခြေထောက်တင်၍ ရသည့် ပက်လက်ကုလားထိုင်၊ စားပွဲ၊ ဆက်တီ နှင့် မိန့်ခွန်းများ ဓာတ်ပုံများကို ပြသ ထားပါသည်။ ထိုအခန်းတွင် နိုင်ငံ့လွပ်လပ်ရေးအတွက် အရေးကြီးသည့် အစည်းအဝေးများ ပြုလုပ်ခဲ့မည်ကို မှန်းဆမိပါသည်။
အပေါ်ထပ်ကို လေ့လာပြီးသော် မြေယာအလှရှုခင်းများနှင့် စိမ်းစိုသာယာ လှပနေသည့် ခြံဝင်းအတွင်းသို့ ပတ်လမ်း တစ်လျှောက်မှ စိတ်ကြည်လင်အေးချမ်း စွာ ကြည့်ရှုလေ့လာခဲ့ရပါသည်။ ပတ်လမ်း ဆုံးခါနီးတွင် ဗိုလ်ချုပ်၏ ဒုတိယသား အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့သည့် ရေကန်ကို တွေ့ရှိရပါသည်။ သေဆုံးခဲ့ သည့်နေ့ရက်ကို အုတ်ပေါင်ဖြင့် သေချာ ခိုင်ခံ့စွာ ပြုလုပ်ထားသည်။ ရေကန် ဘေးတွင် ဗိုလ်ချုပ်အားလပ်ချိန်၌ သီးပင်၊ စားပင် စိုက်ပျိုးနေဟန် ရုပ်တုမှာလည်း လက်ရာမြောက်လှပေသည်။ စိုက်ခင်း မှာလည်း ရာသီသီးပင် စားပင်များ ဝေဝေဆာဆာ သီးပွင့်နေသည်ကို တွေ့ရှိရ သဖြင့် စိတ်ချမ်းသာကြည်နူးမိပါသည်။
သွားရောက်လေ့လာရန် ဖိတ်ခေါ်
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို လေ့လာရင်း ဗိုလ်ချုပ်မိသားစုတို့ နေထိုင်ခဲ့စဉ်က ပုံရိပ်များကို မျက်လုံးထဲမှန်းဆ မြင်ယောင်မိသလို ထူးခြားလှသည့်အိမ်ပုံစံ၊ မြင့်မားလှသည့် မျက်နှာကြက်၊ အလင်း ရောင်နှင့် လေဝင်လေထွက်ကောင်း စေရန် ဖန်တီးတည်ဆောက်ထားသော ဒီဇိုင်း၊ ဗိသုကာလက်ရာများကို သဘောကျ နှစ်ခြိုက်မိပါသည်။ ပြည့်စုံသော မှတ်တမ်းမှတ်ရာ အချက်အလက်များ၊ ဗဟုသုတများစွာကို သိရှိခဲ့ရသလို လွမ်းမောဖွယ်ရာအတိတ်များစွာ၊ သမိုင်း များစွာ၊ ဝမ်းနည်းဖွယ်ရာများစွာတို့ကို မြင်ယောင်မိကာ မြန်မာတစ်မျိုးသားလုံး အတွက် မနားမနေ အားထုတ်ကြိုးပမ်း ခဲ့ပြီး လွပ်လပ်ရေးအရယူပေးခဲ့သည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ ကြီး၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားများကို သတိရလွမ်းဆွတ်မှုများစွာဖြင့် အခါခါဦးညွှတ်အလေးပြုရင်း ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးနေခဲ့သည့်နေအိမ် ပြတိုက်အား သွားရောက်လေ့လာကြရန် ဖိတ်ခေါ်အပ်ပါသည်။ ။
ကိုးကား-
၁။ မြန်မာ့ရက်စဉ်သမိုင်း(ပထမတွဲ)
၂။ မြန်မာ့ရက်စဉ်သမိုင်း(ဒုတိယတွဲ)
၃။ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်၊ ပြတိုက်မှူးဘဝလေ့လာချက်များ
၄။ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် မှတ်တမ်းမှတ်ရာများ
၅။ လွပ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ် အောင်ဆန်း
