ဆည်တာတမံအလိုက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုများ အလေးထားဆောင်ရွက်လျက်ရှိ
မိုးပြည့်
ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုအခြေအနေကို ခန့်မှန်းရသည်မှာ မလွယ်ကူတော့ပေ။ မျှော်သည့်အခါ မရွာ၊ မလိုသည်မှ ရွာသွန်းတတ်သည့် မိုးဖြစ်လာသည့်အတွက် တောင်သူများသည် ဆည်တာတမံများမှ ပေးဝေသည့် စိုက်ပျိုးရေကို အားထားကြရသည်။ ထိုသို့ စိုက်ပျိုးရေပေးဝေလျက်ရှိသည့် ဆည်တာတမံများသည် တောင်သူများကို အကျိုးပြုလျက်ရှိသည် မှန်သော်လည်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဆည်တာတမံများ ထိခိုက်ပျက်စီးကာ ပြည်သူများ ဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် အထူးအလေးပေး စီမံဆောင်ရွက် လာရသည်။
တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ
ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်နေသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များအရ အချိန်တိုအတွင်း မိုးရွာသွန်းမှုများပြားခြင်း (Storm Rain In Short Duration) ကြောင့် ရေကြီးနစ်မြုပ်မှု သဘာဝ ဘေးအန္တရာယ်များ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ လာရသည်။ သို့အတွက် တည်ဆောက်ထိန်းသိမ်း ထားသော ရေလှောင်တမံများ၏ ဘေးကင်းလုံခြုံမှု (Dam Safety) နှင့်ပတ်သက်၍ နေ့စဉ်ပုံမှန်စစ်ဆေး ခြင်း(Visual Inspection Report on Dam Surveillance) ဆောင်ရွက်ကာ မှတ်တမ်းရေးသွင်း ခြင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
ရေလှောင်တမံများ ကြံ့ခိုင်မှုကို နေ့စဉ်ပုံမှန် စစ်ဆေးခြင်းများအပြင် မိုးရာသီမတိုင်မီ ကျွမ်းကျင် ပညာရှင် တမံစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေး၍ ဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ ကွင်းဆင်း စစ်ဆေးမှု အစီရင်ခံစာပြုစုတင်ပြခြင်း၊ မိုးရာသီမတိုင်မီ ပြုပြင်ထိန်းသိမ်းခြင်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည်။ အကယ်၍ မိုးရာသီကာလတွင် ရေပိုလွှဲမှ ရေကျော်သည့် အခြေအနေမျိုး တည်ရှိလာပါက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရေကျော်ကျသည့်အချိန်မှစ၍ ၂၄ နာရီ နေ့၊ ည နာရီစဉ် ကင်းလှည့်စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ရေလှောင်တမံများတွင် သဘာဝဘေးအန္တရာယ် တစ်ရပ်ရပ်ကြောင့် ကျိုးပေါက်မှု မဖြစ်ပေါ်စေရေး နှင့် အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာပါက တမံအောက်ဘက်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ပျက်စီးမှု လျော့ပါးသက်သာ စေရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြိုတင်စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် ရေလှောင်တမံ တစ်ခုချင်းအလိုက် အရေးပေါ်အခြေအနေ ကြိုတင် စီမံခန့်ခွဲမှုစီမံချက် (Emergency Preparedness Plan – EPP)ကို နှစ်စဉ်ရေးဆွဲထားရှိပြီး သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေအဆင့် သုံးဆင့် သတ်မှတ်ထားသည်။ အရေးပေါ်အခြေအနေ အဆင့်အလိုက် အစိမ်းရောင်၊ အဝါရောင်၊ အနီရောင် အလံများကို ရေလှောင်တမံ၊ တာများရှိ ရေကင်းစခန်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် စိုက်ထူပြီး အလံအရောင်များ၏ အဓိပ္ပာယ်သတ်မှတ် ချက်များအား သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ နှင့် ပြည်သူများအား အသိပေးနှိုးဆော်ထားပြီး ဖြစ်သည်။
မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တမံအောက်ဘက်ဒေသရှိ ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှု လျော့ပါးသက်သာစေရန် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ (Flood Hazard Map) ရေးဆွဲ၍ ဘေးကင်းရာသို့ စနစ်တကျရွှေ့ပြောင်းနိုင်ရန်၊ ဘေးအန္တရာယ်မှကင်းလွတ်စေရန် စီမံဆောင်ရွက် လျက်ရှိသည်။ သို့အတွက် ပေါင်းလောင်းရေလှောင် တမံ၊ ဆွာချောင်းရေလှောင်တမံ၊ ကတိုက်ရေလှောင် တမံ၊ ကြီးအုံကြီးဝရေလှောင်တမံ၊ မန်းချောင်း ရေလှောင်တမံ၊ ကညင်ရေလှောင်တမံ၊ မမြရေလှောင် တမံ၊ သုံးဆယ်ရေလှောင်တမံနှင့် မုက္ခာရေလှောင် တမံများတွင် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ရေးဆွဲထားရှိပြီး ဖြစ်သည်။
ရဲနွယ်ရေလှောင်တမံနှင့် မုန်းရေလှောင်တမံ
ရေလှောင်တမံများ၏ ကြံ့ခိုင်မှုစစ်ဆေးရာတွင်လည်း တည်ဆောက်ထားရှိပြီးဖြစ်သည့် ရေလှောင် တမံများတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုကို ယနေ့ ခေတ်အခြေအနေနှင့်ကိုက်ညီသည့် အချက်အလက် များကို အသုံးပြုကာ ခေတ်မီနည်းပညာဖြင့် တွက်ချက်စစ်ဆေးပြီး လိုအပ်လျှင် ကြံ့ခိုင်မှုကောင်း စေရန် အားဖြည့်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရဲနွယ်ရေလှောင်တမံနှင့် မုန်းရေလှောင် တမံတို့တွင် တမံကြံ့ခိုင်ရေးဆိုင်ရာလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသည် ရေလှောင်တမံ ၂၄၅ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင် ၂၁၀ လုပ်ငန်းစုစုပေါင်း ၈၇၀ တည်ဆောက် ထိန်းသိမ်းထားရှိသည်။ အဆိုပါ ဆည်တာတမံများမှ စိုက်ပျိုးတောင်သူများအတွက် နှစ်စဉ် မိုးစပါး အောင်ရေပေးဝေခြင်း၊ နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရေပေးဝေခြင်း အချို့သော ဆည်/ကန်များမှ သောက်သုံး ရေပေးဝေခြင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
သို့သော် ထူးကဲရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးမှု ကြုံရသကဲ့သို့ အခြားတစ်ဖက်တွင် ရာသီအလိုက် မိုးရွာသွန်းမှု နည်းပါးခြင်း၊ ရေဝေရေလဲဧရိယာတွင် မိုးရွာသွန်းမှု ပုံစံမမှန်ခြင်းကြောင့် ဆည်/ ကန်များအတွင်း ဝင်ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေရှားပါးသည့် သဘာဝဘေးအန္တရာယ် အကျိုးဆက်များကြောင့် စိုက်ပျိုးတောင်သူများအား ထိခိုက်နိုင်သည့်အတွက် ဖြေရှင်းကျော်လွန်သွားနိုင်မည့် လုပ်ငန်းရပ်များကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။ လက်ရှိတွင် စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးမှု လျော့နည်းစေရန်အတွက် မိုးရေခံနည်းပညာ (Rain Water Harvesting)ကို အသုံးပြု၍ ရေသိုလှောင် ခြင်း၊ ချောင်းပိတ်၊ မြောင်းပိတ် ယာယီတမံငယ်များပိတ်၍ ရေသိုလှောင်ခြင်း စသည့် လတ်တလော အကျိုးပြုသည့်လုပ်ငန်းများ၊ မြေအောက်ရေ ဖြည့်တင်းခြင်း (Ground Water Recharging) လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်သည်။
ထို့အပြင် ရေစီးရေလာသေချာကောင်းမွန် သည့်နေရာများတွင် ရေလွှဲဆည်၊ ကန်နှင့် တမံငယ်များ ဆောင်ရွက်ခြင်း၊ မြစ်ရေတင်စခန်းသစ်များ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ နှစ်ရှည် လုပ်ငန်းများအနေဖြင့် ရေလှောင်တမံများ ရေနည်းပါက ရေကူဖြည့်တင်းပေးနိုင်သည့် ရေကူရေသွယ် မြောင်းများ ဆောက်လုပ်ခြင်း၊ ရေကူရေလှောင်တမံများ တည်ဆောက်ခြင်း (Dam Series) များကို ဖော်ဆောင်လျက်ရှိသည်။
မိုးရွာသွန်းမှုနည်းပါးပြီး မိုးရွာသွန်းကာလတိုသည့် ရေခက်ခဲသော မိုးခေါင်ရေရှားဒေသများတွင် သောက်သုံးရေရရှိရေးအတွက် သဲချောင်းများတွင် မြေအောက်တမံ (Underground Dam) တည်ဆောက်ခြင်းများကိုလည်း ကာလတိုအတွင်း ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ကျောက်ထပ် မြေအောက်တမံနှင့် သဲတောမြေအောက်တမံတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်တွင် ဝါခင်းကြီးချောင်းမြေအောက်တမံ တို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
အလားတူ သောက်သုံးရေလိုအပ်ချက်အတွက် မန္တလေးတိုင်းဒေသကြီးတွင် တောင်ဇင်းချောင်း၊ ဘောလုံးကျွန်းချောင်းနှင့် စိတ္ထိန်းချောင်းများတွင် မြေအောက်တမံများ တည်ဆောက်၍လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် အောင်နန်းမြေအောက် တမံ၊ ကျတ်ပြည့်မြေအောက်တမံ၊ ဖောင်ကျောင်း မြေအောက်တမံ၊ ရိုးရမြေအောက်တမံ၊ ဥသျှစ်ကုန်း မြေအောက်တမံနှင့် ရေထွက်မြေအောက်တမံများကို တည်ဆောက် အကောင်အထည်ဖော်ပြီး ပြည်သူ့အကျိုးပြု ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့သည်။
မိုးခေါင်မှု သဘာဝဘေးကြောင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာပါက ရေကိုအကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေအသုံးချသူများအဖွဲ့ (Water User Group – WUG) များဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးတွင် အဖွဲ့ဝင်တောင်သူ ၂၂၄၇၈၀ ပါဝင်သည့် ရေအသုံးချသူများအဖွဲ့ ၈၆၂၃ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
မြို့ပြကျေးရွာအိုးအိမ်များ၊ စိုက်ပျိုးမြေများနှစ်စဉ် မိုးရာသီရေဘေးအန္တရာယ်မှ ကာကွယ်ရန် ရေဘေးကာကွယ်ရေးနှင့် ရေငန်တားတာ ၂၃၀၊ အလျားမိုင် ၂၅၁၉ မိုင်ကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ထိန်းသိမ်း ထားရှိပြီး ရေဘေးကာကွယ်ရေး ဧရိယာဧက ၂၇ ဒသမ ၂၇ သိန်းကို နှစ်စဉ်ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ ကာကွယ်ပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့နေရသော ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် ရေကြီးနစ်မြုပ်မှု သက်သာစေရေးအတွက် ဝန်ကြီးဌာန၏ ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေဖြင့် ချောင်းကော၊ မြောင်းကော၊ သဘာဝရေနုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ၊ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးရှိ တာတမံများ အသစ်တည်ဆောက်ခြင်း၊ တာတမံ တောင့်တင်း ခိုင်မာအောင်ပြုပြင်ခြင်းနှင့် ပင်လယ်ဒီရေမဝင်ရောက်နိုင်ရန် ရေငန်တားတာများ ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နှစ်စဉ် အကောင်အထည် ဖော်လျက်ရှိသည်။
လုပ်ငန်းပေါင်း ၇၃၁ ခု
ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်မှု အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရေကြီး နစ်မြုပ်မှုကာကွယ်ရေးလုပ်ငန်းပေါင်း ၄၀၈ ခု ဆောင်ရွက်နိုင်ခဲ့ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၇၃၁ ခုကို ဆောင်ရွက်လျက်ရှိသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသည် ရေဘေးကာကွယ်ရေးတာများတွင် နှစ်စဉ်မိုးရာသီမတိုင်မီ တာတမံကွင်းဆင်းစစ်ဆေး ရေးအဖွဲ့များဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးမှု အစီရင်ခံစာများပြုစုတင်ပြခြင်း၊ လိုအပ်သည့်နေရာများတွင် တာကြံ့ခိုင်မှုရှိစေ ရန် အချိန်မီပြုပြင်ခြင်းများ နှစ်စဉ်ဆောင်ရွက်လျက် ရှိသည်။ မြစ်ရေကြီးမှုဖြစ်လာပါက ၂၄ နာရီ နေ့ကင်း၊ ညကင်းဖြင့် ကင်းလှည့်စောင့်ကြည့်ခြင်း၊ ကျိုးပေါက်မှုဖြစ်ပေါ်နိုင်ပါက ကြိုတင်ကာကွယ်မှု လုပ်ငန်းများ ချက်ချင်းအရေးပေါ်ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာကွယ်ရေးပစ္စည်းများ ကြိုတင် စုဆောင်းခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်လျက် ရှိသည်။ မိုးရာသီကာလ ရေဘေးကာကွယ်ရေးတာများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ သရုပ်ပြပွဲ များပြုလုပ်ပြီး ဒေသနေပြည်သူများ ပူးပေါင်း ပါဝင်ရန် အသိပညာပေးလှုံ့ဆော်လျက်ရှိသည်။
သို့ဖြစ်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနသည် ရာသီဥတုပြောင်းလဲမှုအရ ပေါ်ပေါက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ဆည်တာတမံထိခိုက်ကာ ပြည်သူများ ဘေးအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အစီအမံများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်မှလည်း စိုက်ပျိုး တောင်သူများအတွက် လိုအပ်သည့် မိုးစပါး အောင် ရေပေးဝေခြင်း၊ နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရေပေးဝေ ခြင်း အချို့သော ဆည်/ ကန်များမှ သောက်သုံးရေ ပေးဝေခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေး ခြင်းတို့ဖြင့် ပြည်သူ့အကျိုးကို ကြိုးပမ်းဖော်ဆောင် နေမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
