ပညာရှင်များ၏ သုတေသနစွမ်းပကား
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
ပညာရေးဝန်ကြီးဌာနရဲ့ (၂၃) ကြိမ်မြောက် သုတေသနညီလာခံကို ဝါရင့်ပညာရှင် မျိုးဆက်သုံးဆက်မက ပါဝင်ကြပြီး ပြည်တွင်းသုတေသီတွေရဲ့ စွမ်းပကားနဲ့ မိမိတိုင်းပြည်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အမျိုးသားအဆင့် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကို ပညာရေးဝန်ကြီးဌာနရဲ့ ကမကထဦးစီးဦးရွက်မှုနဲ့ Naypyitaw State Academy မှာ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာန ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံမှာ သုတေသနစာတမ်းတွေဟာ ဝိဇ္ဇာပညာရပ်ဖြစ်စေ၊ သိပ္ပံနဲ့ လူမှုရေးသိပ္ပံပညာရပ်ဖြစ်စေ၊ မြန်မာ့လူ့အသိုက်အဝန်း၊ မြန်မာ့ရေမြေ အလှအပယဉ်ကျေးမှုနဲ့ မဝေးကွာရေး၊ မြေထု ရေထု လေထု အရင်းအမြစ်တွေကို ရေရှည်တည်တံ့သုံးစွဲနိုင်ရေး၊ လူမှုရေးဘဝသာယာဝပြောရေး၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု၊ ရေရှည်အကျိုးအတွက် လမ်းစအသစ်အဆန်းတွေကို ဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေ မယ့် (17 Sustainable Development Goals) ပန်းတိုင်ကိုရောက်ဖို့ ကြိုးပမ်းနေတဲ့ကာလတစ်ခုထဲကို ရောက်နေပါတယ်။
ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို လွန်ခဲ့တဲ့နှစ် ၂၀၊ နှစ် ၃၀ က အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ပညာရေးကို ဖန်တီးနိုင်ခဲ့ပါတယ်။ ပညာရည်မြင့်မားတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဘက်ပေါင်းစုံက အားထုတ်နေကြပါတယ်။ ပညာရေးဟာ အခြေခံပဲဖြစ်ဖြစ်၊ အဆင့်မြင့်ကဏ္ဍမှာပဲဖြစ်ဖြစ် တစ်မျိုးသားလုံးအတွက် ရည်မှန်းတာ ဖြစ်ပါတယ်။ ပညာရေးဟာ အလွန်ရှည်လျားကျယ်ဝန်းတဲ့ လုပ်ငန်းကြီးဖြစ်နေခြင်း၊ ပညာခေတ်လို့ ပြောရတဲ့အထိ အလွန်တန်ဖိုးကြီးတဲ့ ဓနဥစ္စာရတနာပဲလို့ တင်စားလာရပါတယ်။ ဒါကြောင့် တစ်မျိုးသားလုံး အကျုံးဝင်ပြီးတော့ အားထုတ်လုပ်ရတဲ့ လုပ်ငန်းကြီးဖြစ်လာပါတယ်။ ပညာရေးကိစ္စဟာ ပညာရေးဝန်ထမ်းတွေနဲ့ချည်းမရနိုင်ဘဲ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ အရေးကိစ္စဖြစ်ပါတယ်။ ပညာရေးနဲ့ လူ့အဖွဲ့အစည်းဟာ အခက်အခဲကြားက လက်ချင်းချိတ်ပြီး အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။
လူဦးရေကြီးထွားလာမှု၊ တည်ငြိမ်အေးချမ်းမှု၊ ကျေးလက်လူထုမွဲတေမှုနဲ့ မြို့ပြကြီးထွားလာမှု၊ ရေ မြေ မီး အလေအလွင့်များတဲ့ သုံးဖြုန်းမှုအလေ့အထတို့ဟာ သက်ရှိတို့အတွက် အထောက်အပံ့ပေးနေတဲ့ဂေဟစနစ်ကို ဖိအားပေးခြိမ်းခြောက်လျက်ရှိတာမို့ ရေရှည်တည်တံ့ဖွံ့ဖြိုးဖို့ လူမှုရေးဘဝသာယာဝပြောဖို့ဆိုတာ ခက်ခဲလာပါတယ်။
သုတေသနနဲ့ တီထွင်ဆန်းသစ်မှုနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ “Research and Innovation for Achieving Sustainable Development Goals” ကို ရောက်ရှိရေးဟာ ညီလာခံရဲ့ ပင်မဦးတည်ချက်ဖြစ်လာပါတယ်။
စိုက်ပျိုးရေးနိုင်ငံများ
ဂျီအမ်အက်စ် - GMS (Greater Mekong Subregions) ဆိုတဲ့ ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်ဂွန်ဇီနဲ့ ယူနန်တို့ ဦးတည်ရမယ့် ကဏ္ဍတွေကတော့-
စိုက်ပျိုးရေး သစ်တော၊ သားငါး၊ ဇီဝမျိုးကွဲတို့ ကာကွယ်ထိန်းသိမ်းရေး (Biodiversity)၊ ရာသီဥတုပြောင်းလဲမှု၊
စွမ်းအင်ပတ်ဝန်းကျင် မြေမျက်နှာ သွင်မြေသယံဇာတ၊
ခရီးသွားလုပ်ငန်း သယ်ယူပို့ဆောင် ရေး မြို့ပြ၊ ကျေးလက် (Urban, rural Development) ဖွံ့ဖြိုးဖို့ဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံဟာ စိုက်ပျိုးနိုင်တဲ့ မြေဧက၊ သစ်တောနဲ့ သယံဇာတကြွယ်ဝလျက်ရှိနေပါတယ်။ ဧရာဝတီ၊ စစ်တောင်းမြစ်ကြီးတွေနဲ့ မြစ်ချောင်းတွေကို အကြောင်းပြုရင် ရေသွင်းစိုက်ပျိုးနိုင်တဲ့ မြေဧကများစွာရှိနေပါတယ်။ လူဦးရေ သန်း ၅၀ ကျော် (၇၀ ရာခိုင်နှုန်း) သော လူထုဟာ ကျေးလက်ဒေသမှာ စိုက်ပျိုး/ မွေးမြူရေးကို အခြေပြုသူတွေဖြစ်ပါတယ်။ နိုင်ငံအင်အားတောင့်တင်းဖို့၊ အလယ်အလတ်တန်းစားဝင်ငွေထက် မြင့်တဲ့နိုင်ငံဖြစ်ဖို့ မြန်မာ့လယ်သမား အင်အားစုလူ့စွမ်းအားအရင်းအမြစ်ကို အဖိုးတန်သထက်တန်အောင် အထူးစဉ်းစားကြရပါလိမ့်မယ်။ လယ်ယာကိုင်းကျွန်း ရေမြေတောတောင်တွေရဲ့ အခြေအနေ၊ သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတုပြောင်းလဲတဲ့ဒဏ် စသည်တို့ကို မျက်ခြည်မပြတ်လေ့လာတဲ့ သုတေသနတွေကို အားထားပါတယ်။
“ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်စေ အငယ်စားနှင့် အလတ်စား (SME) စီးပွားရေးနဲ့ Micro, Small and Medium Enterprise လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တဲ့အတွက်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုရှေးရှုတဲ့ သုတေသနနဲ့ တီထွင် ဆန်းသစ်မှု (Research and Innovation engaging more on Rural Development)၊
တန်ဖိုးမြင့် စိုက်ပျိုးကောက်ပဲသီးနှံ ထုတ်လုပ်တဲ့ အလတ်စားလုပ်ငန်းများ အဆင့်မြှင့်တင်ရေး (Promoting value added Agri-based medium enterprises)၊
လူအများစုကို အကျိုးပြုစေမယ့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးအောင် တာစူတဲ့လုပ်ငန်းတွေ ကြီးထွားလာဖို့ အစိုးရနဲ့ ပုဂ္ဂလိကလက်တွဲဆောင်ရွက်ရေး (Public-private partnership to alleviate poverty) ဆိုသော ဆင့်ပွားဦးတည်ချက်များ ဖြစ်လာပါတယ်။
သုတေသီပညာရှင်တွေရဲ့စွမ်းပကား
ယနေ့သုတေသီတို့ရဲ့ သုတေသန ပြုမှုလုပ်ငန်းတွေဟာ တက္ကသိုလ်နယ်ပယ်အတွင်း ကိန်းအောင်းနေတဲ့ အခြေအနေမှ အရေးကြီးတဲ့နေရာကို ရောက်လာပါတယ်။ ဒီခေတ်ပညာရေးဟာ ကမ္ဘာအရပ်ရပ်က တွေ့ရှိချက်တွေကို သင်ရုံသက်သက်မဟုတ်၊ တစ်ကမ္ဘာလုံး creative နဲ့ innovative ဘက်ကို ရွေ့လျားနေတဲ့ပညာရေးစနစ် ကြီးဖြစ်လာပါတယ်။ အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်အခါမဆို ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်ပြောင်းလဲနေတာတွေကို လိုက်ပါပြီးတော့ ဆောင်ရွက်ရတဲ့သဘောကို တွေ့ရပါတယ်။ ဒီခေတ်ပညာရေးဟာ သင်ကြားရေးနဲ့ သုတေသန၊ ထိုမှတစ်ဆင့် ဖန်တီးမှုနဲ့ အသစ်အသစ်ပြောင်းလဲတီထွင်ဖန်တီးမှုဘက်သို့ ရွေ့လျားနေတာကြောင့် တက္ကသိုလ်ကြီးတွေရဲ့ သင်ကြားမှုနဲ့ သုတေသနနဲ့ ပညာရေးစနစ်ကြီးဟာလည်း ဖွံ့ဖြိုးမှုရှိအောင်၊ ရှင်သန်မှုရှိအောင် အားထုတ်ရတဲ့ကာလကြီးဖြစ်ပါတယ်။
အသိပညာ၊ အတတ်ပညာတွေရဲ့ စွမ်းပကားဟာ အမှန်တကယ်ပဲ ခရီးတွင်လာကြောင်း၊ ဒီခေတ်ရဲ့ လူမှုစီးပွားဘဝ၊ လူနေမှုစရိုက်လက္ခဏာတွေဟာလည်း လျင်မြန်စွာပြောင်းလဲလာကြောင်း၊ ဒီလိုပြောင်းလဲမှုအတွက် လိုအပ်ချက်တွေကို ကြိုတင်ဖြည့်ဆည်းနိုင်ဖို့ မျိုးဆက်သစ်တွေကို အသိအမြင် ပညာအမြော်အမြင်တွေ တပ်ဆင်ပေးလိုက်ရလိမ့်မယ်။
ဒီလိုအသိပညာတွေကိုပေးတဲ့အခါ အခြားသူတွေ ရှာဖွေတွေ့ရှိထားတဲ့ သုတေသနရလဒ်တွေအပြင် ရလဒ်တွေကို အသုံးပြုနိုင်ဖို့ ဆန်းသစ်တီထွင်မှုတွေ ဖြစ်လာဖို့အထိ စဉ်းစားမြော်တွေးပြီးလက်ဆင့်ကမ်းပေးလိုက်ကြဖို့ ဖြစ်ပါတယ်။ စက်မှုကုန်ကြမ်းသယံဇာတများ စိုက်ပျိုးရေးနဲ့ မွေးမြူရေးက အမည်စုံသယံဇာတတွေဟာ နည်းပညာကြောင့်၊ တီထွင်ဆန်းသစ်နိုင်မှုတွေကြောင့် တန်ဖိုးတွေဟာ မြင့်လာတာ (Value added) ဖြစ်ပါတယ်။
သုတေသနဆိုတာ
သုတေသနဆိုတာ ဘာသာရပ်တစ်ခုကို အသေးစိတ်လေ့လာမှုဖြစ်တယ်။ အထူးသဖြင့် သုတအသစ်၊ သတင်းအချက်အလက်အသစ်၊ အသိအမြင်အသစ်တို့ကို ရှာဖွေခြင်းဖြစ်တယ်။ (Cambridge Advanced Learner’s Dictionary, 2023)
သုတေသနဆိုတာ ဘာသာရပ်အချို့ သို့မဟုတ် လေ့လာမှုနယ်ပယ်အချို့ကို သတင်းအချက်အလက်အသစ်တွေ၊ ဗဟုသုတအသစ်တွေကို ရှာဖွေဖို့နဲ့ လက်တွေ့အသုံးချဖို့ ရည်ရွယ်ချက်နဲ့ အသေးစိတ် ဂရုတစိုက်စူးစမ်းရှာဖွေခြင်းဖြစ်တယ်။ (Chamber’s 21st Century Dictionary, 1996)
သုတေသနဆိုတာ ဘာသာရပ်တစ်ခု အထူးသဖြင့် သတင်းအချက်အလက်နဲ့ သုတအသစ်တွေ ရှာဖွေတွေ့ရှိဖို့ ရည်ရွယ်ချက်နဲ့ ဂရုတစိုက်လေ့လာခြင်းဖြစ်တယ်။ (Oxford Advanced Learner’s Dictionary, 2005) ဘယ်သုတေသနလုပ်ငန်းမှာမဆို ထိုက်ထိုက်တန်တန်ဖြစ်တယ်လို့ အသိအမှတ်ပြုခြင်းနဲ့ လက်ခံခြင်းပြုဖို့ အချက်နှစ်ချက်လိုပါသည်။ အဲဒါတွေက
- ဓမ္မဓိဋ္ဌာန်ကျတဲ့ ချဉ်းကပ်မှုဖြစ်ဖို့၊
- သိပ္ပံနည်းကျလေ့လာမှုရဲ့ အကျိုးဆက်အဖြစ် လက်ခံနိုင်မှုရှိဖို့တို့ ဖြစ်ပါတယ်။
ဓမ္မဓိဋ္ဌာန်ကျမှုဆိုတာ အကြောင်းအရာတွေကို အရှိကိုအရှိအတိုင်းလေ့လာ အားထုတ်ခြင်းကို ဆိုလိုတယ်။ အများက ကြိုတင်မှန်းဆထားခဲ့ပြီးဖြစ်တဲ့ အမြင်တွေကို ယူသုံးပြီးရင် သဘောတူလက်ခံမှုရအောင် အတုအယောင်ပြုလုပ်ခြင်း ကင်းရှင်းရမယ်။ လက်ခံနိုင်ဖွယ်ရှိခြင်းဆိုတာ လေ့လာမှုနဲ့ လက်တွေ့စမ်းသပ်လေ့လာမှုတွေကို ပြန်လည်ဖော်ထုတ်နိုင်မှုအဆင့်နဲ့ ဆုံးဖြတ်ပါတယ်။ (“Scientific Method” Microsoft Corporation, 2008) ဘယ်သုတေသနမှာမဆို သတင်းအချက်အလက်နဲ့ သုတအသစ်များ ရှာဖွေဖော်ထုတ်မှုအမြင်များပါဝင်ပြီး ဓမ္မဓိဋ္ဌာန်ကျကျနဲ့ လက်ခံနိုင်ဖွယ်ရှိစေဖို့ ဂရုတစိုက်အသေးစိတ် စေ့စပ်သေချာတဲ့ လေ့လာမှုဖြစ်ရပါမယ်။
သင်ကြားမှုနဲ့ သုတေသန
ပညာရေးတစ်ခုလုံးကို လွှမ်းမိုးနေတာက သင်ကြားမှုနဲ့ သုတေသနပါပဲ၊ ဒီကိစ္စနှစ်ခုကိုပဲ ချင့်ချိန်ပြီး အလေးသာရမယ့်ဘက်ရှိရင် ပိုအားထည့်ရပါမယ်၊ မြန်မာ့တက္ကသိုလ်တွေအတွက် သင်ကြားမှုထက် သုတေသနကို ပိုဇောင်းပေးရလိမ့်မယ်၊ ဘာကြောင့်လဲဆိုရင် သုတေသနရလဒ်မှသည် ဖွံ့ဖြိုးနိုင်လို့ပဲ။ တီထွင်ဆန်းသစ်နိုင်တဲ့ ပန်းတိုင်ဆီသို့ တက်လှမ်းနိုင်လို့ပဲဖြစ်ပါတယ်။
မြေပေါ်မြေအောက်၊ တောင်ပေါ် တောင်အောက်မှာ တေးသံသာနဲ့ အကအလှနားလည်ခြင်းကစလို့ ကြွယ်ဝမှုအစုစုကို သုတေသနပြုလုပ်ခြင်းဟာ ဓနဥစ္စာရှာဖွေခြင်းလည်း ဖြစ်နိုင်တယ်၊ မြန်မာနိုင်ငံသားအားလုံးကို အကျိုးပြုနိုင်တဲ့ တွေ့ရှိချက်တွေဖြစ်နိုင်တယ်။ ကိုယ်နဲ့ အနီးစပ်ဆုံးဒေသရဲ့သဘာဝ၊ ပထဝီတေဇောအာပေါ ဝါရောတို့ကို ကိုယ်တိုင်နားလည်ခြင်းဟာ အရည်အချင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ နားလည်ခြင်းမှ အသုံးချရာ၏ ဆိုသလို မျိုးဆက်သစ်တွေကို သင်ကြားပြသ၊ သုတေသနပြုပြီး ပုဂ္ဂလိကကို လွှဲပြောင်းနိုင်ပြီဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းဟာ သူရသင့်တဲ့ လူမှုစီးပွားဖွံ့ဖြိုးနိုင်မယ့် ဓနဥစ္စာကို ရသွားမှာဖြစ်ပါတယ်။ အဲဒီအထဲမှာ တည်ငြိမ်အေးချမ်းမှုဆိုတဲ့ လူမှုရေးသိပ္ပံအမြင်ဆိုတဲ့ ဓနဥစ္စာလည်း ပါဝင်သွားနိုင်ပါတယ်။
အကောင်းဆုံးသုတေသနစာတမ်းတွေနဲ့ အကောင်းဆုံးပါရဂူကျမ်းတွေ
တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခများ၊ သုတေသနစာတမ်းရှင်များ စုစုစည်းစည်း၊ စည်းစည်းလုံးလုံးတွေ့ဆုံပြီး ပြည်တွင်းသုတေသီတွေရဲ့ စွမ်းပကားနဲ့ နိုင်ငံတစ်နံတစ်လျား တက္ကသိုလ်များမှ သုတေသနပညာရှင်များက အရည်အသွေးမြင့် စာတမ်းပေါင်းသုံးရာကျော်ကို သုံးရက်အတွင်း ဖတ်ကြားတင်သွင်းတဲ့ သုတေသနညီလာခံဖြစ်ပါ တယ်။ သုတေသနလုပ်ငန်းဟာ ပညာရှင်တွေရဲ့ အရည်အသွေးမြှင့်တင် ပေးရေးလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့အလျောက် သုတေသနညီလာခံတွေကို နှစ်စဉ်ကျင်းပပေးပြီး ယခုနှစ်ဆိုရင် (၂၃) ကြိမ်မြောက် သုတေသနညီလာခံကနေ အကောင်းဆုံးသုတေသနစာတမ်း ၅၁ ဆုနဲ့ အကောင်းဆုံးပါရဂူကျမ်း ရှစ်ဆုကို ရွေးချယ်ပြီး ဆုများချီးမြှင့်ခဲ့ပါတယ်။
တက္ကသိုလ်ပညာရေးရဲ့ အသက်ဟာ သုတေသနဖြစ်ပါတယ်။ ဆရာ ဆရာမတွေ ပညာရည်မြင့်မားစေဖို့ သုတေသနပြုကြရပါမယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်ကောင်းမွန်စေဖို့အတွက် မြန်မာနိုင်ငံ ပြည်တွင်းတက္ကသိုလ်တွေက ဘာသာစုံစာတမ်းတွေ တင်သွင်းခြင်းဖြင့် အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။
Knowledge for Knowledge sake မဟုတ်တော့ဘဲ Creative, Innovative education ဘက်ကို အလေးထားအားထုတ်လာကြပါတယ်။ အနာဂတ်မှာ တွေ့ကြုံရမယ့် ပတ်ဝန်းကျင်သစ်ကို လွှမ်းမိုးနိုင်အောင် အားထုတ်ကြတဲ့အခါ အစွဲအလမ်းတွေကို ပယ်ပြီးတီထွင်ဖန်တီးမှုပညာရပ်နဲ့ ကျွမ်းကျင်မှုအရည် အသွေးတွေကသာ တတ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဘက်ပေါင်းစုံ ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေတာတွေကို လျစ်လျူရှုလို့ မရနိုင်တဲ့အတွက် ကျွန်တော်တို့တစ်တွေဟာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ အလုပ်ရှုပ်နေမှာပဲဖြစ်ပါတယ်။ ပညာရေးလုပ်ငန်းစဉ်တွေဟာ ရွေ့လျားနေတဲ့ ရှည်လျားတဲ့ ခရီးရှည်ကြီးဖြစ်နေလို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဝိဇ္ဇာနဲ့သိပ္ပံပညာရှင်အဖွဲ့ဟာ တက္ကသိုလ်ကြီးတွေနဲ့ ပူးပေါင်းပြီး ကျင်းပမြဲ သုတေသနစာတမ်းဖတ်ပွဲ၊ သုတေသနညီလာခံတွေဟာ ပညာရေးရဲ့ခြေလှမ်းတွေဖြစ်ပါတယ်။ ယခုနှစ် ဆိုရင် (၂၃) ကြိမ်မြောက် သုတေသန ညီလာခံအထိ ရောက်လာပြီဖြစ်ပါတယ်။ ပညာရေးရဲ့အရင်းအမြစ် အားထားရလောက်တဲ့ ပညာရေးအတိုင်ပင်ခံပညာရှင်တွေဆိုရင် မှားလောက်စရာအကြောင်း မရှိဘူးလို့ မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံဝိဇ္ဇာနဲ့ သိပ္ပံပညာရှင်အဖွဲ့ရဲ့ ဆောင်ပုဒ်မှာ “ပညာ့စွမ်းအား ပြည့်စွမ်းအား”တိုင်းပြည်ရဲ့ မျက်စိသဘော၊ တိုင်းပြည်အတွက် ကြည့်နိုင်တဲ့ မြင်နိုင်တဲ့အမြင် ပညာသဘောလို့ အဓိပ္ပာယ်ရပါတယ်။
တက္ကသိုလ်ပညာရေးကို တိုင်းရင်းသား ပြည်သူတွေ လက်လှမ်းမီ
ကိုလိုနီခေတ် ၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ရယ်လို့ သီးခြားဖွင့်လှစ်ခွင့်ရအောင် အားထုတ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတော့လည်း မန္တလေးတက္ကသိုလ်ဟာ ၁၉၅၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀ ရာစုနှောင်းပိုင်း၊ ၂၁ ရာစုအစများမှာ ပင်လုံတက္ကသိုလ်ဖွင့်လှစ်ဖို့ နိုင်ငံတော်အကြီးအကဲရဲ့ အမြော်အမြင်နဲ့ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဆင့်မြင့်ပညာရေးကို ရန်ကုန်၊ မန္တလေး တက္ကသိုလ်တွေမှာသာ တက်ရောက်သင်ကြားနိုင်မှာ မဟုတ်တော့ဘဲ တိုင်းရင်းသားပြည်သူတွေ လူ့အဖွဲ့အစည်းအသီးသီးက လက်လှမ်းမီခဲ့ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်တွေ ပေါများဖို့ လိုအပ်တာမို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပညာရေးရင်းနှီးမြှုပ်နှံမှုကို အလေးထားလျက် ပညာရေးကဏ္ဍအရှိန်အဟုန်ဖြင့် တိုးတက်စေဖို့ အားပေးလျက်ရှိပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
