ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း “သဒ္ဓါကြည်ဖြူ၊ ရေကန်များဆယ်လှူ၊ ကုသိုလ်ယူ”
မင်းဆွေ(ရှေးဟောင်းသုတေသန)
မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသော ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအား ပုဂံခေတ်က ရေးထိုးခဲ့သော ကျန်စစ်သား မင်းကြီး၏ အတ္ထုပ္ပတ္တိကျောက်စာတွင် တတ္တဒေသဟု ရေးသားခဲ့သည်ကိုတွေ့ရှိရပါသည်။ တတ္တဒေသဟူသည်မှာ ပူပြင်းသောအရပ်ဒေသဟု အဓိပ္ပာယ်ရရှိပါသည်။ သို့သော်လည်း ပုဂံဒေသ၏ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့် ပုဂံ၏အရှေ့တောင်ဘက်တွင် တုရင်တောင်ခြေရှိ မြကန်၊ အလံပုဂံစသော ကန်ကြီးများ ပုဂံဒေသအတွင်း ရေကန်များ အမြောက်အမြားရှိနေသောကြောင့် ပူပြင်းခြောက်သွေ့သော်လည်း စိုက်ပျိုးရေး၊ လူ၊ ကျွဲ၊ နွား တိရစ္ဆာန်များအတွက် ရေလုံလောက်စွာ ရရှိနိုင်သည့် အခြေအနေရှိမည်ဟု ယူဆရပေသည်။
မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ် မေလတွင် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခဲ့ပါသည်။ မိုခါမုန်တိုင်း တိုက်ခတ်ခံရသည့် အထဲတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်ကြသည့် စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်း စသည့်သာသနိကအဆောက်အအုံအချို့လည်း အနည်းအကျဉ်း ထိခိုက်မှုရှိခဲ့ပါသည်။ ထိုမုန်တိုင်းကြောင့်ပင် ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် ရေကြီးရေလျှံခြင်း၊ ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
နိုင်ငံတော်အကြီးအကဲက နောင်တွင် ရေကြီးရေလျှံမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် လမ်းညွှန်မှာကြားချက်အရ ပုဂံခေတ်ရေအရင်း အမြစ်စီမံခန့်ခွဲမှုစနစ် သုတေသနပြုမှုများ၊ ရှေးဟောင်းရေလမ်းကြောင်းများအား ပြန်လည်ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူထိန်းသိမ်းခြင်းများကို စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ပါသည်။
ကျန်စစ်သားမင်းရေးထိုးခဲ့သော အတ္ထုပ္ပတ္တိကျောက်စာတွင် ရာသီဥတုနှင့်ပတ်သက်၍ ဖော်ပြထားရာ ကျန်စစ်သားမင်းကြီးလက်ထက် နိုင်ငံတစ်ဝန်းလုံးတွင် အကြိမ်တစ်ရာ့နှစ်ဆယ် မိုးရွာ သွန်းခြင်း၊ အခါခပ်သိမ်း စပါးများပြည့်စုံခြင်း၊ နိုင်ငံ၌ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်တို့ပေါများ ကြခြင်းနှင့် မှို၊ မျှစ်၊ ပန်း၊ သစ်သီးများ ပေါများကြောင်း ရေးထိုးထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ကျောက်စာပါ အထောက်အထားများ
ကျောက်စာပါ အထောက်အထားများကို သုံးသပ်ကြည့်ပါက ပုဂံခေတ်ကာလတွင် မိုးအသင့်အတင့်ကောင်းမွန်ခဲ့ပြီး စိုက်ပျိုးရေးအတွက် များစွာအထောက်အကူဖြစ်စေကာ သစ်ပင်ပန်းမန်များ ဖြစ်ထွန်းခဲ့ကြောင်းနှင့် ရေလုံလောက်စွာရရှိသော အခြေအနေရှိကြောင်း လေ့လာသိရှိရပါသည်။ ထိုသို့ မိုးရွာသွန်းမှုအခြေအနေများကြောင့် တုရင်တောင်အနီးရှိ မြကန်၊ အလံပုဂံကဲ့သို့ ကန်ကြီးများတွင် ရေသိုလှောင်မှုများပြုလုပ်ခြင်း၊ ပုဂံဒေသ တစ်ဝိုက်ရှိ ရေကန်များတွင်လည်း ရေသိုလှောင် ထားရှိနိုင်ခြင်းတို့ကြောင့် လူနှင့် တိရစ္ဆာန်များ ရေကို လုံလောက်စွာအသုံးပြုနိုင်သည့် အခြေအနေရှိသည်ဟု ယူဆရပါသည်။
ပုဂံတစ်ဝိုက်တွင် တွေ့ရှိရသော ရေကန်ကြီးများ အချို့သည် ယနေ့မျက်မှောက်ခေတ်တွင်လည်း အသုံးပြုလျက်ရှိသော ကန်ကြီးများအဖြစ် တွေ့ရှိရပါသည်။ ရေကန်ကြီးများအတွင်းသို့ မိုးရာသီကာလတွင် တိုက်ရိုက်ရေထည့်သွင်းခြင်းမျိုးမဟုတ်ဘဲ ရေကန်အတွင်းသို့ဝင်မည့် ရေလမ်းကြောင်း ထိပ်တည့်တည့်တွင် ရေစစ်ကန်ကို တစ်ဆင့်ခံ၍ ထားရှိကြောင်း တွေ့ရှိရပါသည်။ ဥပမာအားဖြင့် လေးမျက်နှာကန်၊ ဇေယျသွပ်ကန်၊ ဖျောက်ဆိပ်ပင်ကန်၊ သဲပြင် တောရွာရှိ ရေကန်တို့တွင် တွေ့ရှိနိုင်ပါသည်။
သမိုင်းတန်ဖိုးကြီးမားလှသည့် ရေကန်ကြီးများ
ပုဂံဒေသတစ်ဝိုက်တွင် တွေ့ရှိရသော ရေကန်ကြီးများသည် ပုဂံခေတ်ရေသွင်းရေထုတ်စနစ်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးတို့နှင့်ပါ ဆက်စပ် နေသော သမိုင်းတန်ဖိုးကြီးမားလှသည့် ရေကန်ကြီးများ ဖြစ်ကြပါသည်။ ပုဂံဒေသတစ်ဝိုက်တွင် တည်ရှိသော ရေကန် ၁၀၆ ကန်တွင် ဘုရားတံတိုင်းဝင်း၊ ဘုန်းတော်ကြီးကျောင်းဝင်း၊ ဟိုတယ်ဝင်းနှင့် အစိုးရဌာနဆိုင်ရာဝင်းများအတွင်းရှိ ရေကန် ၁၂ ကန်လည်း ပါဝင်ပါသည်။ အဆိုပါ ရေကန် ၁၂ ကန် ကို ချန်လှပ်၍ ကျန်ရှေးဟောင်းရေကန်များသည် နှစ်ပေါင်းရာချီပို့ကျနေသည့် နုန်းများ၊ သဲများကြောင့် ကောနေရာ လိုအပ်သည့် ရေကန်များကို သဲနုန်းများဆယ်ယူ၍ ပြန်လည်ထိန်းသိမ်းပြုပြင်နိုင် ရေးအတွက် ပထမအဆင့် ၄၆ ကန်နှင့် ဒုတိယ အဆင့် ၄၅ ကန်ကို အဆင့်နှစ်ဆင့် ခွဲခြားသတ်မှတ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရေတိုရေရှည် စီမံချက်များရေးဆွဲကာ ဦးစားပေးအလိုက် စတင်ဆောင်ရွက်လျက်ရှိပါသည်။
ယခုကဲ့သို့ ကန်များတွင် ပို့ကျနေသောနုန်းများ၊ အနည်များကို ဆယ်ယူခြင်းအားဖြင့် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းတိုက်ခတ်မှုကဲ့သို့ ဘုရား၊ ပုထိုး၊ စေတီ၊ ဂူဘုရား၊ သိမ်၊ ကျောင်းများ၏ အနီးပတ်ဝန်းကျင် တစ်ဝိုက်၌ ရေဝပ်၊ ရေလျှံခြင်းများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာများ ကောင်းမွန်ခြင်းများကို အထောက်အကူဖြစ်သကဲ့သို့ ဒေသတွင်းရှိ ရှေးဟောင်းကျေးရွာများတွင် နေထိုင်ကြသည့် လူနှင့်တိရစ္ဆာန်များအတွက် သောက်ရေသုံးရေအတွက်သာမက စိုက်ပျိုးရေအတွက်ပါ အကျိုးပြုစေမည်ဖြစ်သည်။
ယခုအခါတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ သဒ္ဓါကြည်ဖြူပြည်သူတို့ကလည်း တတ်အားသရွေ့ အလှူငွေများထည့်ဝင်၍လည်းကောင်း ကန်ဆယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် ကာလအတွင်းက တည်ရှိခဲ့သော မြို့ရိုး၊ ကျုံး၊ ရေတွင်းရေကန်များ၊ ရေမြောင်းများကို ပုဂံသူ ပုဂံသားများက တူးဖော်ခဲ့ကြပြီး သဘာဝမြေမျက်နှာပြင်၏ အနိမ့်အမြင့်ပေါ်မူတည်၍ ရေများစီးဆင်းနိုင်သည့် အနေအထားကို ဆောင်ရွက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
ပုဂံခေတ်ရေစီမံခန့်ခွဲမှု
ပုဂံခေတ်ရေစီမံခန့်ခွဲမှုဆိုင်ရာနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ ပညာရှင်များအား ဖိတ်ခေါ်၍ ဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်ပါ ပူးပေါင်းဆွေးနွေးခြင်းများ၊ ကွင်းဆင်းလေ့လသုတေသနပြုခြင်းများနှင့် အထူးသဖြင့် အီတလီနိုင်ငံမှ ရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Dr Massimo Sarti ၏ အကြံပြုချက်ကို ရယူခဲ့ပါသည်။ ပုဂံဒေသရေသွယ်ယူမှုစနစ်မှာ အမြင့်ဆုံး တုရင်တောင်ခြေရှိ မြကန်မှ အလံပုဂံ၊ အလယ်ကန်၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန် စသည့် ရေကန်များရှိရာသို့ ရေစီးလမ်းကြောင်း များကတစ်ဆင့် သွယ်ဖောက်ယူ၍ နောက်ဆုံး၌ ပုဂံမြို့ရိုးနှင့် ကျုံးသို့ ရေသွယ်ယူစီမံခဲ့ကြောင်း လေ့လာသိရှိရပါသည်။
ပုဂံဒေသတစ်ဝိုက်ရှိ ရှေးဟောင်းရေကန်များကို ပို့ကျနေသည့် အနည်အနှစ်သဲနုန်းများ တူးဖော်ကန်ဆယ်ရှင်းလင်းခြင်းဖြင့် နွေရာသီရောက်တိုင်း လူများ၊ ကျွဲ၊ နွား တိရစ္ဆာန်များပါ လိုအပ်ပါက အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပုဂံဒေသတွင် ခေတ်အဆက်ဆက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် လမ်းများဖောက်လုပ်ဆောင်ရွက်ခဲ့မှုကြောင့် ရှေးဟောင်းရေစီးလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ တိမ်ကောသွားခြင်းများနှင့် နှစ်ပေါင်းရာချီ၍ ပို့ကျ နေသောနုန်းများ၊ သဲများကိုဖယ်ရှား၍ ရေစီးလမ်းကြောင်းများကို ပြန်လည်ဖော်ထုတ်သွားရမည်ဖြစ်ပါသည်။
ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ရေကန် ၉၁ ကန်၏ ပထမအဆင့် ၄၆ ကန်အနက် ဆောင်ရွက် ပြီးစီးခဲ့သည့် ရေကန် ၁၂ ကန်မှာ-
၁။ ရွှေထီးကန် (ပုဂံမျှော်ဘုရား၏ အရှေ့ ဘက်)
၂။ ဆွေတော်မျိုးတော်ကန် (စူဠာမဏိဘုရား နှင့် ဓမ္မရံကြီးဘုရားကြား)
၃။ ပျားကြီးစွဲကန် (အရှေ့ဖွားစောကျေးရွာ နှင့် အနောက်ဖွားစောကျေးရွာကြား)
၄။ ဇီးပင်ကန် (ကန်စွန်းအိုဘုန်းတော်ကြီး ကျောင်း၏ အနောက်တောင်ဘက်)
၅။ ဆုတောင်းပြည့်ရေကန် (အာနန္ဒာဘုရား၏အရှေ့မြောက်ဘက်)
၆။ သဲစစ်ကန် (နရသီဟပတေ့ဘုရား၏ အရှေ့တောင်ဘက်၊ မင်းနန်သူ လေးထောင့် ကန်၏ အရှေ့ဘက်)
၇။ ဖိုးသူတော်ကန် (စူဠာမဏိဘုရား၏ တောင်ဘက်)
၈။ မြောက်တစ်ဝက်ကန် (မြောက်တစ်ဝက် ဘုရား၏ မြောက်ဘက်၊ ဖိုးသူတော် ကန်၏ တောင်ဘက်)
၉။ ဖျောက်ဆိပ်ပင်ကန်(၁) (ဖျောက်ဆိပ်ပင် ရွာအနီး )
၁၀။ ဖျောက်ဆိပ်ပင်ကန်(၂) (ဖျောက်ဆိပ်ပင် ရွာအနီး)
၁၁။ ဖျောက်ဆိပ်ပင်ကန်(၃) (ဖျောက်ဆိပ်ပင် ရွာအနီး)
၁၂။ ဇယျဝေရိကန် (အရှေ့ဖွားစောကျေးရွာ၏ တောင်ဘက်၊ ကန်စွန်းအိုကျောင်းအတွင်း) ပုဂံဒေသတစ်ဝိုက်တွင် ဆောင်ရွက်ဆဲ ကန် (၉) ကန်မှာ-
၁။ ရေတော်မုနိကန် (ဘူးလည်သီးဘုရား၏ အနောက်တောင်ဘက်)
၂။ ရွာဟောင်းကြီးကန် (ရွာဟောင်းကြီး ဘုရား၏ အနောက်မြောက်ဘက်)
၃။ ဘူးလည်သီးကန် (ဘူးလည်သီးဘုရား၏ တောင်ဘက်)
၄။ လောကချမ်းသာကန် (ပြာသာဒ်ငယ် ဘုရားအနီး)
၅။ ဆုတောင်းပြည့်ကန် (အေးသာယာကန်) (ဆုတောင်းပြည့်ဘုရား၏တောင်ဘက်၊ အနောက်ဖွားစော၏ အနောက်တောင် ဘက်)
၆။ ဆုတောင်းပြည့်ကန် (အုတ်ကန်) (ဆုတောင်းပြည့်ဘုရား၏ အနောက် မြောက်ထောင့်)
၇။ ကိုမောက်ကန် (သံပျင်စွာဘုရား၏ အနောက်ဘက်)
၈။ မင်္ဂလာကန် ၃ (မွန်းတိမ်းကန်) (သစ္စာ ဝတီဘုရား၏ အရှေ့တောင်ဘက်)
၉။ အာမနာကန် (သမ္ဘူလဘုရား၏ အနောက် မြောက်ဘက်) တို့ ဖြစ်သည်။
ကျန်ရှိနေသေးသော ရေကန်ကြီးများကို ဆက်လက်ဆယ်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရေကန်ကြီးများ ဆယ်ယူခြင်းမပြုမီ ရေကန်တစ်ကန်ချင်းစီအား အမွေအနှစ်ထိခိုက်မှု ဆန်းစစ်ချက် HIA (Heritage Impact Assessment) ဆောင်ရွက်ခြင်း၊ မြေမျက်နှာပြင်အနိမ့်အမြင့် အသေးစိတ်လေ့လာနိုင်ရန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဆက်စပ်ပူးပေါင်းဌာနများက ပဏာမကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ရေကန်တစ်ကန်စီကို မြေလွှာလေ့လာမှု Top Map ထုတ်ခြင်း တူးဖော်သုတေသန လုပ်ခြင်းများ ဆောင်ရွက်ပါသည်။
ရေကန်များတွင် စမ်းသပ်တူးဖော်မှုအရ မူလရှေးဟောင်းကန်ပေါင်များ၊ သဘာဝရေဝင်ရေထွက် လမ်းကြောင်းများ ထိခိုက်ပျက်စီးမှုမရှိစေရန် ဂရုပြုဆောင်ရွက်သကဲ့သို့ မြကန်မှကျုံးအထိ အဆင့်ဆင့်စီးဆင်းနေသော ရှေးဟောင်းရေလမ်းကြောင်းများရှိ သဲ၊ နုန်း ပို့ကျမှုများ၊ ပိတ်ဆို့နေမှုများကို ရှင်းလင်းဖယ်ရှားပြီး ရေစီးရေလာကောင်းစေရန်၊ ပုဂံခေတ် ကတည်းကရှိခဲ့သော ရေစီးစနစ်ကြီး ပြန်လည်သက်ဝင်လှုပ်ရှားစေရန်ပါ တစ်ပါတည်းဆောင်ရွက်ပါသည်။ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသာမက အခြားဆက်စပ်ဌာနများဖြစ်သော နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ကလည်း ပူးပေါင်းပါဝင်ကူညီ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပုဂံဌာနခွဲမှ ဝန်ထမ်းများက ရေကန်များတူးဖော်ရာတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့မှုဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ပျက်စီးထိခိုက်နိုင်မှုကို လျော့ပါးလာစေမည်
ယခုလိုအချိန်ကာလတွင် ရှေးဟောင်းရေကန်များ မတိမ်ကော မပပျောက်စေရန်နှင့် ပုဂံဒေသရှိ ပြည်သူလူထုနှင့် အိမ်မွေးတိရစ္ဆာန်များ လိုအပ်ပါက ရေအသုံးပြုနိုင်စေရေးနှင့် ရေကန်ကြီးများမှ ရေသွယ်တန်းစီးဆင်းသည့် ရေလမ်းကြောင်းများ ဖော်ထုတ်နိုင်ခြင်းဖြင့် စေတီပုထိုးများ၏အတွင်းအပြင် ပရဝဏ်တို့တွင် ရေများမဝပ်ခြင်း၊ ရေစီးရေလာကောင်းမွန်လာစေခြင်းကြောင့် ရှေးနှစ်ပေါင်းများစွာက ဘိုးဘေးများတည်ဆောက်ခဲ့သည့် သာသနိကအဆောက်အအုံများအား ပျက်စီးထိခိုက် နိုင်မှုကို လျော့ပါးလာစေမည် ဖြစ်ပါသည်။
ရေတွင်းရေကန် တူးဖော်ကုသိုလ်ယူခြင်းအားဖြင့် ၁။ အသက်ရှည်ခြင်း၊ ၂။ အဆင်းလှခြင်း၊ ၃။ ချမ်းသာကြီးခြင်း၊ ၄။ ခွန်အားဗလကြီးခြင်း၊ ၅။ ဉာဏ်ပညာကြီးခြင်း၊ ၆။ စိတ်၏စင်ကြယ်ခြင်း၊ ၇။ ကိုယ်၏သန့်ရှင်းခြင်း၊ ၈။ ဂုဏ်သတင်းကျော်စောခြင်း၊ ၉။ ငတ်မွတ်ခေါင်းပါးခြင်းတို့မှ လွတ်မြောက်ခြင်း၊ ၁၀။ အခြွေအရံပေါများခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ထို့အပြင် ရေလှူဒါန်းရခြင်းအတွက်လည်း ၁။ သန့်ရှင်းစင်ကြယ်ခြင်း၊ ၂။ ထင်ရှားကျော်ကြား လူသိများခြင်း၊ ၃။ အခြွေအရံပရိသတ်ပေါများခြင်း၊ ၄။ သွက်သွက်လက်လက်လျင်မြန်ခြင်း၊ ၅။ ဆာလောင်မွတ်သိပ်မှုကင်းခြင်း၊ ၆။အသက်ရှည်ခြင်း၊ ၇။ အဆင်း လှခြင်း၊ ၈။ ချမ်းသာကြီးခြင်း၊ ၉။ ခွန်အားဗလကြီးခြင်း၊ ၁၀။ ဉာဏ်ပညာကြီးမားခြင်း၊ ၁၁။ တောင်ထိပ်မြေပြင်သစ်ပင်ဖျား ကောင်းကင်တို့၌ပင် ရေကိုလျင်မြန်စွာရနိုင်ခြင်း၊ ၁၂။ မိုးခေါင်သောအရပ်၊ နေပူလွန်းသောအရပ်၊ ရေရှားသောအရပ်ဒေသတို့၌ မဖြစ်ရခြင်း၊ ၁၃။ အလိုရှိ၍ တလိုက်လျှင် မိုးရွာပေးခြင်း၊ ၁၄။ ခန္ဓာကိုယ်၌ ပူလောင်မှုအိုက်စပ်မှုမရှိခြင်း၊ ၁၅။ ခန္ဓာကိုယ်၌ မြူမှုန်မကပ်ညိခြင်း၊ ၁၆။ အထူး စင်ကြယ်သောစိတ်ရှိခြင်း၊ ၁၇။ ယုတ်မာသော စိတ်ထားမှ ကင်းရှင်းခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ထို့ကြောင့် ယခုလိုအချိန်ကာလတွင် မိမိတို့ တတ်အားသရွေ့ အလှူငွေများထည့်ဝင်ကာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ နှစ်ပေါင်းကိုးရာကျော် ကာလမှတစ်ကြိမ် ရေကန်များ ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်သည့် အခွင့်အရေးကို လက်မလွတ်စေရေးကုသိုလ်ပြု၍ “သဒ္ဓါကြည်ဖြူ၊ ရေကန်များ ဆယ်လှူ၊ ကုသိုလ်ယူ” နိုင်ခွင့်အား တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။
အောက်ပါလိပ်စာများသို့ ဆက်သွယ်လှူဒါန်း နိုင်ပါသည်-
၁။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂ ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၉ ၅၀၆၁၈၃၂
၂။ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဖုန်း-၀၉ ၂၅၉၁၄၅၆၅၁
၃။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်ကောင်စီ နယ်မြေ၊ ဖုန်း-၀၆၇-၃၄၀၈၄၅
