Skip to main content

လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ဘက်စုံပညာရေးကဏ္ဍမြှင့်တင်

မောင်သောင်းဝင်း(တမန်ဟောင်း)

“ပညာရေးဆိုသည်မှာ အမျိုးမျိုးသော သင်ယူလေ့လာမှုနည်းလမ်းများမှတစ်ဆင့် ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့် တန်ဖိုးများ”ဟုဆိုသည်။ လူတစ်ယောက်သည် ပညာကို မွေးဖွားလာကတည်းက ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရသည်။ ပညာသင်ယူလေ့လာထားသည့် လူတစ်ဦးချင်းစီသည် မိမိတတ်မြောက်ထားသည့် ပညာနှင့်ဘဝကို ပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ မိမိပတ်ဝန်းကျင်နှင့် လူ့အသိုက်အဝန်းကိုလည်း အထောက်အကူပြုစေနိုင်မည်ဖြစ်သည်။

အားလုံးအတွက် ပညာရေး

ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ပင်ဖြစ်သည်။ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကပင် ဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကို အဓိကတည်ဆောက်ကြရသည်။ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုများသည် ပညာတတ်ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရေးကို ဦးတည်ကြိုးပမ်းသွားရန် လိုအပ်ပေသည်။ Education for All ဆိုသည့်အတိုင်း အားလုံးအတွက်ပညာရေးကို မဖြစ်မနေအကောင် အထည်ဖော်သွားရန်လိုအပ်ပေသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံများ

တိုင်းချစ်ပြည်ချစ်စိတ်ရှိသော လူငယ်များ ပေါ်ထွန်းလာ‌စေရန်၊ အရည်အသွေးပြည့်ဝသော ပညာတတ်များ မွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကို အားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ဆရာ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာစေရန် စသည့်ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို နေပြည်တော်ရှိ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပသည်။

အထောက်အကူပြု

အလားတူ ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာနအားလုံး ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပသည့် ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို နေပြည်တော်ရှိ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ ၎င်းညီလာခံတွင် ဝန်ကြီးဌာနပေါင်းစုံမှ ပညာရှင်များက အနာဂတ်မြန်မာ့ပညာရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကဏ္ဍငါးခုအတွက် စာတမ်း ၄၂ စောင်ကိုရှုထောင့်စုံမှ ရင်းနှီးပွင့်လင်းစွာ သုံးသပ်ဆွေးနွေးနိုင်ခဲ့ကြသည်။ ယခုနှစ် ပညာရေးညီလာခံ၌ ကဏ္ဍခြောက်ခုအတွက် စာတမ်း ၃၆ စောင်ကို ဖတ်ကြားခဲ့သည်။ ယင်းစာတမ်း ၃၆ စောင်ကို “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကို ပိုမိုမြှင့်တင်ပေး”ဆိုသည့် ဦးတည် ချက်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ ပညာရေးညီလာခံများသည် အနာဂတ်လူငယ်များအတွက် ကောင်းမွန်သည့်အဖြေများ၊ ကောင်းမွန်သည့်အချက်အလက်များနှင့် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာရန် အထောက်အကူပြုမည်ဖြစ်သည်။

ဘက်စုံပညာရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဘက်စုံပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ တတ်မြောက်မှုကိုသာမက Personal Skills ဟုခေါ်သည့် ပင်ကိုအရည်အသွေးများ၊ ကိုယ်ရည် ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးပါကြောင်း၊ စဉ်းစားသုံးသပ်တွေးခေါ်မှု (Critical Thinking)၊ ပြဿနာဖြေရှင်းမှု (Problem Solving)၊ တီထွင်ဖန်တီးမှု (Creativity)၊ ဆန်းစစ်အကဲဖြတ်မှု (Evaluation)၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု (Analytical Skills)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ အလိုက်သင့်ဆောင်ရွက်တတ်မှု (Adaptability)၊ လူမှုဆက်ဆံရေး (Social Skills)၊ စိတ်ခံစားချက်နားလည်မှု (Emotional Intelligence)၊ တရားမျှတမှု (Justice)၊ လောကနီတိ ဆိုင်ရာအပြုအမူ (Ethical Behavior)နှင့် ဦးဆောင်တတ်မှု (Leadership) အစရှိသည့် ဘက်စုံကျယ်ပြန့် သည့် အရည်အသွေးများ၊ စွမ်းရည်များ၊ ကိုယ်ရည် ကိုယ်သွေးများ၊ အသိပညာ၊ အတတ်ပညာများကို ဘက်စုံပညာရေးက ပြည့်စုံစေမည်ဖြစ်ပါကြောင်း” မေလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအခမ်းအနား၌ အလေးထား ပြောကြားသွားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘက်စုံပညာရေး သည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်မှ ပါဝင် လျက်ရှိသည်။ ဘက်စုံပညာထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ပိုမိုနားလည် သဘောပေါက်ကြသည်နှင့်အညီ ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်နိုင်သည့် အင်အားစုများလည်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တန်းစဉ်ကူးပြောင်းမှု လျော့နည်းလာ

သို့သော် ပညာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကျောင်းနေသူ ၁၉ ဒသမ ၄၄ သန်းတွင် ပဉ္စမတန်းတက်ရောက်သူ ၁၁ ဒသမ ၃၇ သန်း (၅၇ ဒသမ ၂၉ ရာခိုင်နှုန်း) ရှိပြီး အလယ်တန်းအဆင့် ၈ တန်းသို့ တက်ရောက်သူ ၇ ဒသမ ၇၈ သန်း (၄၀ ဒသမ ၂၆ ရာခိုင်နှုန်း) သာရှိခဲ့သည်။ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ငါးနှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆ သန်းတွင် သက်မွေး ပညာပြီးသူ ၂ ဒသမ ၉ သိန်း၊ ဘွဲ့ရသူ သုံးသန်းသာ ရှိသည့်အတွက် တန်းစဉ်ကူးပြောင်းမှုလျော့နည်း မှုမှာ များပြားလာခဲ့သည်။ ထို့ပြင် ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းအနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့် ပညာတတ်မြောက်သည်။

အားသွန်ခွန်စိုက်ဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ပညာရေးအဆင့်အတန်း တိုးတက်လာရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းတက်ရေးနှင့် KG+9 ပြီးမြောက်ရေးဆောင်ရွက်ခြင်း၊ အခြေခံပညာနှင့် စက်မှု၊ လက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ Naypyitaw State Academy ဖွင့်လှစ်ပေးခြင်း၊ အုပ်ချုပ်မှုစရိတ်နှင့် ထောက်ပံ့ငွေများချီးမြှင့်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများဖွင့်လှစ်စေခြင်း၊ စာတတ်မြောက်သူများ တိုးပွားလာစေရေးဆောင်ရွက်ခြင်း၊ စာဖတ်သောအလေ့အထ တိုးပွားလာအောင်ဆောင်ရွက်ပေးခြင်းတို့ကို စဉ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိသည်။ ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းရေး ဘက်ပေါင်းစုံမှ စဉ်းစားသုံးသပ် ဆောင်ရွက်လျက်ရှိသည်။

ဗလငါးတန်ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်

လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြသူများ၊ အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ၏အရင်းအမြစ်များ၊ တစ်နည်းအားဖြင့် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသည်။ လူငယ်များကို မှန်ကန်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို မြင့်မားအောင်တည်ဆောက်နိုင်မည်ဖြစ်သည်။ စိတ်ဓာတ်မြင့်မားသူ၊ အတွေး အခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံသူလူငယ်များဖြင့်သာ နိုင်ငံကို ကောင်းအောင် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့်ဘောဂဟူသည့် ဗလငါးတန်ပြည့်စုံနေအောင် လေ့ကျင့်ပျိုးထောင်သွားရန် လိုအပ်ပေသည်။

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်တိုးတက်ရေးသည် မျိုးဆက်သစ်များ၏ ပညာရည်တတ်မြောက်မှုအဆင့်အတန်းပေါ်တွင် များစွာတည်မှီနေသည်ဆိုသောအချက်ကို ကမ္ဘာ့နိုင်ငံတိုင်းက တူညီစွာလက်ခံထားရှိကြသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း မျိုးဆက်သစ်များ ပညာရည်မြင့်မားရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်လျက်အမျိုးသားရေးအသွင်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ အသိပညာရှင်၊ အတတ် ပညာရှင်ပေါများသောနိုင်ငံတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်နယ်ပယ်အားလုံးတွင် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ဦးဆောင်နိုင်ငံများအဖြစ် ရပ်တည်နိုင်လေ့ရှိကြသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများစွာထဲတွင် ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုသည် အလွန်ပင်အရေးကြီးသည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏ အနာဂတ်အတွက် အကောင်းဆုံးအကျိုးရလဒ်များကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွဲဝေပေးလျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအပါအဝင် ပညာရေးနှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာနများအတွက် ပညာရေးအသုံးစရိတ် စုစုပေါင်း ၃၁၄၆ ဒသမ ၁၄၉ ဘီလီယံခွင့်ပြုပေးခဲ့သည်။ အဆိုပါ ခွင့်ပြုပေးခဲ့သည့် ပညာရေးအသုံးစရိတ်သည် ပြည်ထောင်စုအသုံး စရိတ်၏ ၉ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်။

မည်သို့ပင်ဆိုစေ ဒုတိယအကြိမ်မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄)၌ ပညာရေးတန်းစဉ်ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းများရှာဖွေရေး၊ ကျောင်းတက်သူဦးရေ တိုးတက်လာစေမည့်နည်းလမ်းများ ရှာဖွေရေး၊ KG+9 ပညာရေးဖော်ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာရပ်များသင်ကြားရေး၊ လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ရေး၊ ဝိဇ္ဇာ-သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ မွေးထုတ်ရေးနှင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များရှိရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ပြီး တိုင်းကျိုးပြည်ပြု ရှေ့လုပ်ငန်းစဉ် ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ယုံကြည်မိပါတော့သည်။     ။