ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနှင့် ကျန်းမာရေး
ဒေါက်တာဇေယျာဝင်း
သင့်ကိုယ်ခန္ဓာအလေးချိန်ဟာ သင့်ကျန်းမာရေးကို များစွာသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့အလေ့အထတွေဟာ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ရုံတင်မကဘဲ နှလုံးကျန်းမာရေး၊ အရိုးအဆစ်ကျန်းမာရေး၊ အဆုတ်ကျန်းမာရေးစတာတွေအတွက် တိုးတက်ကောင်းမွန်တဲ့ ရလဒ်တွေကို ရစေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ်မှာ လူရှစ်ဦးအနက်တစ်ဦးဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေကြောင်း၊ လူဦးရေသန်း ၈၉၀ ခန့်က အဝလွန်ရောဂါခံစားနေရကြောင်း၊ ၁၉၉၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ရင်ကမ္ဘာပေါ်မှာ အဝလွန်သူဦးရေ နှစ်ဆတိုးပွားလာကြောင်း သိရှိရပါတယ်။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များခြင်းနဲ့ အဝလွန်ခြင်းကြောင့် တစ်ဆက်တစ်စပ်တည်းအနေနဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါတွေအပြင် စိတ်ကျရောဂါ စသဖြင့် ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းကို မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။
ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဆိုင်ရာ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်လို့ အစဉ်အမြဲသိပ္ပံနည်းကျ သုတေသနပြုလုပ်မှုတွေ လုပ်ဆောင်နေပြီး တွေ့ရှိချက်တွေကလည်း အစဉ်တိုးတက်ပြောင်းလဲနေပါတယ်။ သိပ္ပံနည်းကျတွေ့ရှိချက်တွေကို အခြေခံမှလည်း မှန်ကန်တဲ့ အကျိုးကျေးဇူးတွေကို ခံစားရနိုင်မှာပါ။ လေ့လာတွေ့ရှိချက်တွေအရ ကိုယ်အလေးချိန်ထိန်းသိမ်းမှုဆိုင်ရာ အချက်အလက်အချို့ကို မျှဝေလိုပါတယ်။
ပရိုတိန်းဓာတ် များများစားပါ
ပရိုတိန်းဓာတ် လုံလုံလောက်လောက်စားပေးဖို့ အရေးကြီးပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ ပရိုတိန်းဓာတ်လုံလုံလောက်လောက်ပါခြင်းဟာ ဆာလောင်မှုကိုအချိန်ကာလ တစ်ခုထိ မပေါ်ပေါက်အောင် ထိန်းပေးထားနိုင်ပါတယ်။ ဆိုလိုတာက ခဏခဏဗိုက်မဆာတော့ပါဘူး။ လေ့လာသုတေသနပြုချက်တွေအရ ပရိုတိန်းဓာတ်များများပါတဲ့ အစားအစာစားထားသူတွေဟာ ကာဘိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်များများပါတဲ့ အစားအစာစားထားသူတွေထက် တစ်နေကုန်မှာ ဆာလောင်မှုကို ထိန်းထားနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိုတိန်းဓာတ်များများပါတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်က ဆာလောင်မှုဖြစ်စေတဲ့ ဟော်မုန်းဓာတ်ကို လျော့ကျစေတဲ့ အတွက်ဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတိန်းဓာတ်ဟာ ကြွက်သားသန်စွမ်းမှုအတွက်လည်း အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ဖြစ်စေ၊ ကာယလုပ်သားတွေမှာဖြစ်စေ ကြွက်သားတွေ ပြန်လည်သန်စွမ်းစေဖို့နဲ့ သန်မာစေဖို့ ပရိုတိန်းဓာတ်လိုအပ်ပါတယ်။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ တို့ဟူးစတာတွေပဲ ဖြစ်ပါတယ်။
သကြားဓာတ်ကဲတဲ့ အစားအစာတွေ လျှော့စားပါ
ကျန်းမာရေး ကောင်းချင်ရင်တော့ သကြားဓာတ်လျှော့စားရမှာ အသေအချာပါ။ နေ့စဉ်သကြား သို့မဟုတ် အချိုဓာတ်လျှော့စားမယ်၊ တစ်ပတ်လေး/ငါးကြိမ် လေ့ကျင့်ခန်းလုပ်မယ်၊ ပရိုတိန်းဓာတ်များများစားမယ်ဆိုရင် ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းလျှော့ချနိုင်ဖို့ ထိရောက်ပါတယ်။ သကြားဓာတ်စားသုံးမှုလျော့စေဖို့ဆိုရင် မျက်စိရှေ့မှာ သကြားဓာတ်ကဲတဲ့ အစားအသောက်တွေ ရှိမနေစေဖို့ လိုအပ်ပါတယ်။ မျက်စိရှေ့ လွယ်လွယ်ကူကူ မြင်တွေ့နေရရင် စားဖြစ်နေမှာ ကျိန်းသေပါတယ်။
အမျှင်ဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေစားပါ
အမျှင်ဓာတ်များတဲ့ အစားအသောက်တွေဟာ ပရိုတိန်းဓာတ်များတဲ့ အစားအသောက်တွေလိုပဲ သင့်ရဲ့ဆာလောင်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ထားနိုင်ပါတယ်။ ဆိုလိုတာက ခဏခဏမစားဖြစ်တော့ဘူးပေါ့။ ဒါ့အပြင် အမျှင်ဓာတ်များတဲ့ အစားအစာတွေဟာ အစာကြေညက်ခြင်းကို တွန်းအားပေးပါတယ်။ နှလုံးရောဂါဖြစ်စေမှုကို လျော့ကျစေပါတယ်။ လေဖြတ်ခြင်း၊ ဆီးချိုရောဂါနဲ့ အူမကြီးကင်ဆာ ဖြစ်စေနိုင်မှုတို့ကို လျော့ကျစေပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကတော့ ပဲတောင့်ရှည်၊ ပဲနီကလေး၊ ပြောင်းဖူး၊ ဘယ်ရီသီး၊ ထောပတ်သီး၊ ပန်းသီး၊ အာလူး၊ အခွံမာသီးများ၊ ဟင်းသီးဟင်းရွက် အမျိုးမျိုး စတာတို့ပဲဖြစ်ပါတယ်။ အချို့သုတေသနပြုချက်တွေအရ အမျှင်ဓာတ်ကြွယ်ဝတဲ့အစာတွေဟာ ဗိုက်ပြည့်မြန်စေရုံသာမက အဆာခံမှုကိုဖြစ်စေပါတယ်။
တတ်နိုင်သမျှနေအိမ်မှာသာ ချက်ပြုတ်စားသောက်ပါ
သုတေသနပြုချက်တွေအရ နေအိမ်မှာ ချက်ပြုတ်စားသောက်တဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ ပိုမိုညီညွတ်လေ့ရှိပါတယ်။ စားသောက်ဆိုင်တွေက အစားအစာတွေဟာ များသောအားဖြင့် ဆားဓာတ်၊ ပြည့်ဝဆီပါဝင်မှုနဲ့ ကယ်လိုရီပါဝင်မှု ပိုများလေ့ရှိပါတယ်။ စားသောက်ဆိုင်တွေဟာ အရသာကိုအဓိကထားချက်ပြုတ်ကြတာကြောင့် ဖြစ်ပါတယ်။ နေအိမ်မှာ ချက်ပြုတ်ခြင်းဟာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေဖြစ်လေ့ရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပိုဖြစ်စေပါတယ်။ အိမ်ချက်ပြုတ်စာတွေကို စားသုံးခြင်းဖြင့် အကြော်ခံဆီ၊ တာရှည်ခံဓာတု ပစ္စည်းနဲ့ ဆား၊ အချိုမှုန့်လို ကျန်းမာရေးနဲ့ မညီညွတ်တဲ့အရာတွေ မပါဝင်စေဖို့ ပိုမိုသေချာအောင် လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ မိမိကိုယ်မိမိ ယုံကြည်မှုအပါအဝင် စိတ်ဖိစီးမှုတွေ လျော့ကျစေနိုင်ပါတယ်။
အိပ်စက်ခြင်းအချိန်ဇယား မျှတမှန်ကန်ပါစေ
လူအများစုဟာ နေ့စဉ်မိမိရဲ့ အိပ်စက်မှုနဲ့ပတ်သက်လို့ သတိမထားမိတတ်ပါဘူး။ နေ့စဉ် အိပ်စက်ချိန်နည်းပါးခြင်းနဲ့ အိပ်ချိန်မမှန်ခြင်းတို့ဟာ ယနေ့ခေတ်လူတိုင်းနီးပါး ကြုံတွေ့နေကြရတဲ့ သတိမမူမိသော ကျန်းမာရေးအလေ့အထဆိုင်ရာ ကြီးမားတဲ့ချို့ယွင်းမှုကြီးဖြစ်ပါတယ်။ နောက်ထပ် သတိမထားမိတဲ့အချက်ကတော့ အိပ်ချိန်မမှန်ခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ဟာ အသက်အရွယ်မရွေး လူတွေကို ကိုယ်အလေးချိန် တိုးလာစေနိုင်တယ်ဆိုတာကိုပါ။
အိပ်စက်ချိန် အတိုင်းအတာပမာဏဟာ ဆာလောင်မှုကို ဖြစ်စေတဲ့ဟော်မုန်း (ghrelin hormone) နဲ့ ဆာလောင်မှုကို တားမြစ်တဲ့ဟော်မုန်း (leptin hormone) တို့အပေါ်မှာ သက်ရောက်မှုရှိစေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခန္ဓာနွမ်းနယ်ရာမှတစ်ဆင့် ကိုယ်လက်လှုပ်ရှားမှုလျော့ကျပြီး ကိုယ်အလေးချိန်တိုးခြင်းနဲ့ အခြားရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်တို့ကို အချိန်မှန်လုပ်ဆောင်ခြင်းဟာ ပိုမိုကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
အချိန်မှန်အိပ်စက်ခြင်း၊ အိပ်ရာထခြင်းအားဖြင့် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေမှုကို ညစဉ်ရရှိပြီး ထိုမှတစ်ဆင့် ဟော်မုန်းတွေထွက်ရှိမှုကို ညီညွတ်မျှတစေနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန်အိပ်စက်အနားယူတဲ့ အလေ့အကျင့်ကြောင့် ကိုယ်ခန္ဓာလန်းဆန်းစေလို့ ကိုယ်လက်လှုပ်ရှားမှုလည်း ပိုမိုပြုလုပ်လာနိုင်စေမှာ ဖြစ်ပါတယ်။
ရေများများသောက်ပါ
ရေသောက်ခြင်းကြောင့် ရရှိမယ့်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေက ဖော်မပြနိုင်လောက်အောင်များပေမယ့်လည်း လူအများစုဟာ ရေများများသောက်ဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ရေများများသောက်ခြင်းဖြင့် ကိုယ်ခန္ဓာအလေးချိန် လျော့ကျစေနိုင်ပါတယ်။ လေ့လာသုတေသနပြုချက်အရ အစာမစားမီနာရီဝက်ခန့်မှာ ရေလီတာ ဝက်ခန့်ကြိုသောက်ခြင်းဟာ ဆာလောင်မှုကို လျော့ကျစေကာ အစာအများအပြား စားသောက်လိုမှုကို လျော့ကျစေပါတယ်။ တစ်နေကုန်ရေများများ သောက်ခြင်းဟာ ကယ်လိုရီတွေ လောင်ကျွမ်းမှုကို ကူညီပါတယ်။ ထိုသို့ ခန္ဓာကိုယ်နေ့စဉ်လှုပ်ရှားမှုအတွက် လိုအပ်တဲ့ကယ်လိုရီတွေကို များများလောင်ကျွမ်းစေခြင်းအားဖြင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းနိုင်ပါတယ်။
အစာစားချိန် သီးခြားသတ်မှတ်၍ စားပါ
နေ့တစ်နေ့မှာ စားသောက်မယ့်အချိန်ကို သတ်မှတ်ထားပြီး အဆိုပါအချိန်အတွင်း၌သာ စားသောက်ခြင်းကို ဆိုလိုပါတယ်။ အဆိုပါသတ်မှတ်ချိန်အတွင်းတွင်သာ စားသောက်ပြီး ကျန်အချိန်တွေမှာ ရေတစ်မျိုးကိုသာ သောက်ရမှာဖြစ်ပါတယ်။ ဥပမာပြောရရင် ရဟန်းတော်တွေ လိုက်နာကျင့်သုံးတဲ့ မွန်းတည့် ၁၂ နာရီ နောက်ပိုင်း အစာမစားခြင်းနဲ့ ဥပုသ်စောင့်ခြင်း နည်းစနစ်တွေနဲ့ ဆင်တူပါတယ်။
ဒီလို အချိန်သတ်မှတ်ထားခြင်းဖြင့် ဆန္ဒဖြစ်ပေါ်လာတိုင်း စားသောက်ခြင်းကို ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။ အချိန်အပိုင်းအခြားအလိုက်သာ အစာစားသောက်ခြင်းဖြင့် သွေးပေါင်ကျခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနဲ့ သွေးတွင်းသကြားဓာတ်လျောစေခြင်း စတဲ့အကျိုး ကျေးဇူးတွေ ရနိုင်မှာဖြစ်ပါတယ်။ ထိုသို့ မလုပ်ဆောင်နိုင်ပါကလည်း အိပ်ချိန် မတိုင်ခင်အနည်းဆုံး သုံးနာရီခန့်မှစ၍ အစာစားခြင်းမပြုလုပ်ပါကလည်း အကျိုးကျေးဇူးရနိုင်ပါတယ်။ ထိုသို့ သတိရှိရှိနဲ့ စားသောက်ခြင်းဟာ ကောင်းစွာအိပ်ပျော် စေခြင်း အပါအဝင် ကိုယ်ခန္ဓာအလေးချိန် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုများ လျှော့ချပါ
နှစ်ပေါင်းများစွာ လေ့လာသုတေသနပြုချက်တွေအရ စိတ်ဖိစီးမှုဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးအပေါ်မှာ တစ်နည်းနည်းနဲ့ များစွာဆိုးကျိုးသက်ရောက်စေတာ တွေ့ရပါတယ်။ စိတ်ဖိစီးမှုဟာ ကျွန်ုပ်တို့ရဲ့ အသက်ရှူလုပ်ငန်းစဉ်မှ ဦးနှောက်လုပ်ငန်းတွေအထိ ကြွက်သားများပါမကျန် နေရာတိုင်းကို သက်ရောက်မှုရှိစေတာ တွေ့ရပါတယ်။ ကိုယ်အလေးချိန်တိုးခြင်းကိုလည်းဖြစ်စေတာ တွေ့နိုင်ပါတယ်။
သုတေသနတွေ့ရှိချက်အရ စိတ်ဖိစီးမှုများရင် ကိုယ်ခန္ဓာဇီဝလုပ်ငန်းစဉ် နှေးကွေးစေပါတယ်။ ဒီလို နှေးကွေးမှုကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ထွက်ရှိဖို့ ကယ်လိုရီလောင်ကျွမ်းမှုနည်းစေပါတယ်။ ကယ်လိုရီလောင်ကျွမ်းနိုင်မှုနဲ့ ပတ်သက်လို့ စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးအုပ်စုနဲ့ စိတ်ဖိစီးမှုနည်းတဲ့ အမျိုးသမီးအုပ်စုကို နှိုင်းယှဉ်လေ့လာရာမှာ စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးအုပ်စုဟာ တစ်ရက်ကို ၁၀၄ ကယ်လိုရီခန့် လျော့နည်းလောင်ကျွမ်းကြောင်း တွေ့ရပါတယ်။
အဆိုပါ စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးအုပ်စုမှာ သွေးတွင်းအင်ဆူလင် ပမာဏပိုများကြောင်းလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် ဆီးချိုနဲ့နှလုံးသွေးကြော ရောဂါတွေဖြစ်စေဖို့ အခွင့်အလမ်းပိုများကြောင်း တွေ့ရပါတယ်။ ထိုသို့ တစ်ရက်ကို ကယ်လိုရီလောင်ကျွမ်းမှု ၁၀၄ ကယ်လိုရီခန့်လျော့နည်းခြင်းဟာ တစ်နှစ်ကြာတိုင်း ကိုယ်အလေးချိန်ကို လေးကီလိုဂရမ်အထိ တိုးစေတာတွေ့ရပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ အချက်ကို ဖော်ထုတ်ကာ ဖယ်ရှားခြင်းနဲ့ ဒီလိုဖယ်ရှားလို့မရပါက အားကစားပြုလုပ်ခြင်း၊ တရားမှတ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။ အချို့သူတွေအနေနဲ့ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စာရေးခြင်း စတဲ့နည်းလမ်းတွေလည်း သုံးကြည့်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။
ချင့်ချိန်စားသောက်ခြင်းနဲ့ပတ်သက်၍ လေ့ကျင့်ယူပါ
“ပါးစပ်အကျင့်၊ ဝမ်းအချင့်” ဆိုသလို စားသောက်မှုနဲ့ပတ်သက်လို့ သတိထား ပြီး လိုက်နာမယ်ဆိုရင် အလွန်အကျွံစားသောက်ခြင်းနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားသောက်ခြင်းကို ရှောင်ကြဉ်လာနိုင်မှာ ဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ သတ္တဝါတွေဟာ ဗိုက်ဆာလာရင်စားမယ်၊ ဗိုက်ပြည့်ရင် စားတာရပ်မယ်။ လူအတော်များများဟာလည်း အဲဒီလိုပဲ လုပ်ဆောင်နေကြတာပါ။ ရသာတဏှာနောက်လိုက်ကာ မြင်တာတွေ့တာ၊ စားကောင်းတာလေးတွေကို သတိလက်လွတ် စားသောက် နေတတ်ကြတာ ဓမ္မတာပါ။
ညနက်ပိုင်းမှာ အချိုတွေစားခြင်း၊ အဆာပြေမုန့်သရေစာတွေ အဆက်မပြတ်စားနေခြင်း စတာတွေဟာ ကျန်းမာရေးနဲ့ လုံးဝမညီညွတ်ပါဘူး။ စိတ်ထဲပါတဲ့အတိုင်း စားသောက်ခြင်းဟာ လူတိုင်းမှာ တွေ့ရတတ်တဲ့ အပြုအမူတစ်ခုပဲဖြစ်ပါ တယ်။ ဝမ်းနည်းလည်းစား၊ စိတ်ဆိုးလည်းစား၊ စိတ်ဖိစီးလည်းစား၊ ဝမ်းသာလည်းစားစသဖြင့် အစာမြင်တာနဲ့ စားတတ်ကြတာ အလေ့အထတစ်ခုပါ။ အစားအစာကို အချိန်သတ်သတ်မှတ်မှတ်၊ အစာအမျိုးအစား သတ်သတ်မှတ်မှတ်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်းဟာ ရေရှည်မှာ ကျန်းမာရေးအကျိုး ကျေးဇူးတွေရလာခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်လာကာ စိတ်ဖိစီးမှုနည်းလာ တတ်တာကို ကာလရှည်သုတေသနပြုလုပ်ချက်တွေအရ တွေ့ရှိရပါတယ်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပါ
နေ့စဉ် သို့မဟုတ် တစ်ပတ်ကိုအနည်းဆုံးငါးကြိမ်ခန့်နဲ့ တစ်ကြိမ်ကို မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းဟာ ကိုယ်ခန္ဓာလန်းဆန်းတက်ကြွစေရုံသာမက ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာလည်း အရာရောက်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ ဆေးတစ်ပါးဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ နှစ်ကာလများစွာ သုတေသနပြုလုပ်မှုပေါင်းများစွာက သက်သေပြပြီးလည်း ဖြစ်ပါတယ်။ လိုက်နာဆောင်ရွက်ဖို့ပဲ အရေးကြီးပါတယ်။
စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ပုံစံဖြစ်စေဖို့ဆိုတာ လိုက်နာလုပ်ဆောင်ဖို့ မလွယ်ကူပါဘူး။ ကိုယ်အလေးချိန် ထိန်းနိုင်ဖို့ဆိုတာလည်း အင်မတန်ခက်ခဲပါတယ်။ အချက်အလက်တွေကို ဖတ်ကြည့်ရင် လွယ်သလိုထင်ရပေမယ့် လက်တွေ့မှာတော့ သီတင်းနှစ်ပတ် သို့မဟုတ် တစ်လခန့်ဆိုရင် ဆက်လက်လိုက်နာဖို့ ပျက်ကွက်လာတတ်ကြပါတယ်။
ဘဝတစ်လျှောက်လုံး ကျင့်သုံးရမှာ ဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ လိုက်နာလုပ်ဆောင်ကြဖို့လိုပါတယ်။ လက်မလျှော့တမ်းလိုက်နာကျင့်သုံးကြမှသာ ကျန်းမာတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
