အမျိုးသားရေးစိတ်ဓာတ်များဖြင့် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ
နိုင်ငံအသီးသီး၏ နိုင်ငံရေးပါတီများသည် မိမိနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံနှင့် ပထဝီနိုင်ငံရေးတို့ အပေါ်အခြေခံ၍ ခိုင်မာသောမူဝါဒများဖြင့် အင်အားတောင့်တင်းအောင် တည်ဆောက်ပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နိုင်ငံပေါင်း ၂၆၅ နိုင်ငံရှိပြီး ပါတီစုံစနစ်ကျင့်သုံးသောနိုင်ငံများမှာ ၁၂၃ နိုင်ငံ၊ အင်အားကြီးပါတီတချို့ကသာ လွှမ်းမိုးထားသော ပါတီစုံစနစ်ကျင့်သုံးသည့်နိုင်ငံများ ၅၁ နိုင်ငံ၊ အင်အားကြီးပါတီ နှစ်ခုမှ ဦးဆောင်သော ပါတီနိုင်ငံရေးစနစ်ကျင့်သုံးသည့်နိုင်ငံ ၃၉ နိုင်ငံ၊ ပါတီ တစ်ခုတည်းမှ ဦးဆောင်သော နိုင်ငံရေးပါတီစနစ် ကျင့်သုံးသည့်နိုင်ငံ ကိုးနိုင်ငံ၊ ပါတီများ ဖွဲ့စည်းထူထောင်ထားခြင်းမရှိသောနိုင်ငံ ၂၀ နိုင်ငံနှင့် စစ်ဘက်မှ အုပ်စိုးသောနိုင်ငံများ ခြောက်နိုင်ငံ၊ အကြွင်းမဲ့ဘုရင်စနစ် ကျင့်သုံးသောနိုင်ငံ နှစ်နိုင်ငံတို့ဖြစ်ကြသည်။ မည်သည့်စနစ်ကို ကျင့်သုံးကြသည်ဖြစ်စေ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို နိုင်ငံရေးပါတီများ၊ အုပ်ချုပ်သူများက ကာကွယ်စောင့်ရှောက်ကြရသည်သာဖြစ်သည်။
