Skip to main content

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (၁၅) ကြိမ်မြောက် စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာကျင်းပ

နေပြည်တော် ဧပြီ ၈

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (၁၅) ကြိမ်မြောက် စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာပွဲကို ဧပြီ ၇ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၌ ကျင်းပရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။    

 ဦးစွာ ရဟန်းခံရှင်ပြုအလှူမင်္ဂလာနေ့ရက်ဖြစ်သည့် ဧပြီ ၇ ရက် နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ် အားကစားခန်းမရှေ့စုရပ်မှ ရဟန်း ၃၇ ပါး၊ သာမဏေ ၂၁ ပါးနှင့် သီလရှင်နှစ်ပါးတို့အား တောင်ကြီးမြို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း စူဠာမုနိလောကချမ်းသာစေတီတော်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး စဝ်စံထွန်းရပ်ကွက် မင်္ဂလာဂူဝိပဿနာစာသင်တိုက်၌ ဆံချမင်္ဂလာနှင့် သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ခြင်း (ပဗ္ဗဇ္ဇမင်္ဂလာ) အစီရင်အတိုင်း ဆောင်ရွက်ကာ ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် သာသနာ့အမွေခံယူစေပြီး သာမဏေဘဝမှ ရဟန်းဘောင်သို့ သိမ်ဝင်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်အလှူရှင်များက ရဟန်းသာမဏေများအား သိမ်ဆင်းလောင်းလှူခဲ့ကြသည်။ ထို့နောက် အလှူတော်မင်္ဂလာ ရေစက်ချတရားနာယူခြင်းအခမ်းအနားကို မွန်းလွဲပိုင်းတွင် ကျင်းပရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စဝ်စံထွန်းရပ်ကွက် မင်္ဂလာဂူကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တနာယကဆရာတော်ထံမှ အနုမောဒနာနှင့် ရေစက်ချတရားများနာယူကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်